Popular Posts

Saturday, July 20, 2013

"ကိုးကွယ်မှု မိစ္ဆာဒိဋ္ဌိ အယူမှား"


ကျန်ခဲ့သည့်ရက် က "ဆူးလေ စေတီတော်"သို့ သူငယ်ချင်းများနှင့်အတူ ရောက်ရှိခဲ့ပါသည်။ဘုရားရှိခိုး၊ ဆီမီးပူဇော်၊ထို့နောက် ဘုရားရှင်နှစ်သက်တော်မူသည့် တရားဓမ္မဖြင့် (၀ိပဿနာ)ရှု မှတ်၍ ဗုဒ္ဓဘုရားရှင်အားပူဇော်အပြီး တွင် စေတီ တစ်ပတ်လည် လှည့်လည်၍ ဟိုဟိုသည်သည် လေ့လာမိခဲ့ပါသည်။
စေတီ အနီးရှိ ကျောင်းဆောင်တစ်ခုအတွင်းတွင် "လောကီဝိဇ္ဇာ "တို့၏ ရုပ်ထုများကို ကန်တော့ပွဲများကြားတွင် အစီအရီ တွေ့ရပါ၏။ မိမိ သူငယ်ချင်းဖြစ်သူ က "၀ိဇ္ဇာ"တွေကို ပူဇော်ရအောင် ဟု နိုးဆော်သော်လည်း မိမိ မပြုလုပ်ခဲ့ပါ။
ဗုဒ္ဓဘာသာဝင်တို့၏အမြတ်ဆုံးသော ဘုရား၊တရား၊သံဃာ ဟူသော ရတနာသုံးပါး မှတစ်ပါး အခြားသော ကိုးကွယ်ရာ တို့ကို ရှာမှီး ပါက သရဏဂုံ ညှိုးနွမ်း ပျက်စီးသည်ဟု မိမိ ဖတ်မှတ်လေ့လာဖူးပါသည်။
ထို လေ့လာချက်အရ ဟူသော ရတနာသုံးပါး မှတစ်ပါး အခြားသော ကိုးကွယ်ရာ တို့ကို ရှာမှီး ပါက သရဏဂုံ ညှိုးနွမ်း ပျက်စီး၍ အောက်တန်းစားဗုဒ္ဓဘာသာ ဟု ခေါ်ဆိုထိုက်ပြီ ဟုဆိုပါသည်။ မိစ္ဆာဒိဋ္ဌိ ဖြစ်သည် ဟု ဆိုပါသည်။
ဆူးလေ စေတီမှ အပြန် အိမ်ရောက်သောအခါ ထိုအကြောင်းနှင့်ပတ်သက်သည့် အချက်အလက် သိချင်လာသဖြင့် စာအုပ်စင်တွင် ရှာဖွေမိပါသည်။
ကံကောင်းထောက်မ စွာဖြင့် စာအုပ်စင်ပေါ်မှ ဘာသာရေးစာအုပ်တစ်အုပ်ကို တွေ့လိုက်ရ၍ ဖတ်ကြည့်မိသောအခါ သရဏဂုံညှိုးနွမ်းစေနိုင်သော ကိုးကွယ်မှု နှင့်ပတ်သက်၍ ဖြေကြားချက်ကို ဖတ်ရှုလိုက်ရသဖြင့် ပြန်လည် မျှဝေလိုက်ပါသည်။
ကျမ်းပြုဆရာတော် အမည်မှာ"အရှင်သြဘာသာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)"ဖြစ်၍ကျမ်းအမည် မှာ"သုတေသနသမ္မာမဂ္ဂင်္ဂဉှာ"ဟူ၏။
ဆရာတော်သည် ပုဂ္ဂိုလ်ရေးမဖက် ဓမ္မသက်သက် ကိုသာ ငဲ့ကွက်ဖြေဆိုထားသည်ကို တွေ့ရ၏။
မိမိ ယခု ရေးသားဖော်ပြမည့် အဖြေ ကို ဖတ်ရှုကြည့်လျှင် ဗုဒ္ဓဘာသာဝင်တို့အပေါ်ထားရှိသော ဆရာတော်၏ စေတနာ နှင့် သာသနာအပေါ်ထားရှိသော စိတ်ဓါတ် ကို မှန်းဆ ကြည်ညိုနိုင်မည် ဟု ယူဆပါ၏။
ဆရာတော်"အရှင်သြဘာသာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)"၏"သုတေသနသမ္မာမဂ္ဂင်္ဂဉှာ"ကျမ်း၊စာမျက်နှာ(၁၅၁) တွင်-
ဒကာ။ ။ဥပါဒါန်တရားလေးပါးထဲမှာ သီလဗ္ဗတုပါဒါန် ဆိုတာနဲ့ စပ်ပြီးတော့ အထက်ဆရာကြီးတွေ ၊ ၀ိဇ္ဇာဓိုရ်တွေ၊ထွက်ရပ်ပေါက် ဆရာကြီးတွေ၊နတ်၊သိကြား၊ဗြဟ္မာကြီးတွေကိုခမ်းသာအောင်စီမံ ဖန်ဆင်းပေးနိုင်တဲ့ ကယ်တင်ရှင်အနေနဲ့ ကိုးကွယ်ဆည်းကပ်နေတဲ့သူတွေဟာ သီလဗ္ဗတုပါဒါန် ထဲမှာပါဝင်နေတဲ့ အယူအစွဲ၊မိစ္ဆာဒိဋ္ဌိတွေပဲလို့ ပြောဆိုငြင်းခုံနေကြတာ မှန်ပါသလား ဆရာတော်။ဒီ ပြဿနာဟာ တော်တော်ကြီးထွားနေတယ် ဘုရား။ ဖြေကြားပါဦး။
ဆရာတော်။ ။ အင်း.. သီလဗ္ဗတ အယူအဆ နဲ့ ဥပါဒါန်တရား က အရာကျယ်တယ်။ကျွဲလို၊နွားလို၊တိရိစ္ဆာန် တို့၏အနေအထိုင်၊သွားလာ စားသောက်ပုံတွေကို သဘောကျနှစ်သက်ကာ ယင်းတို့၏ အလေ့အထ ကိုအတုယူ၍ကျင့်ခြင်းမျိုး၊ ယင်းတို့၏ ရုပ်ပုံနှင့် ယင်းတို့ကို ကိုးကွယ်ခြင်းမျိုး။
ဒကာကြီးတို့ လျှောက်ထားခဲ့တဲ့ အထက် ဆရာကြီးတွေနဲ့ ထွက်ရပ်ပေါက်ဝိဇ္ဇာဓိုရ်ကြီးတွေ၊နတ်၊သီကြား၊ဗြဟ္မာကြီးတွေကို ချမ်းသာသုခဖန်ဆင်းပေးနိုင်တဲ့ သူတွေပဲလို့ ယုံကြည်စွာ ကိုးကွယ်ဆည်းကပ် ပူဇော်ခြင်းဖြင့် ဒုက္ခဆင်းရဲမှ လွတ်မြောက်ပြီးချမ်းသာသုခ တွေရသွားနိုင်တယ် ဟု အားထားယုံကြည် ကိုးကွယ်တာမှန်သမျှ သီလဗ္ဗတ ပရာမာသဒိဋ္ဌိ တွေချည်းဖြစ်လို့ သီလဗ္ဗတုပါဒါန် တွေချည်းသာမှတ်ပေတော့။ နောက်ထပ်မမေးနဲ့။ ပညာရှိ မှန်ရင် လက်ခံလိမ့်မယ်။
အဲဒါမှ မကျေနပ်သေးရင် စာပေတတ်သိတဲ့ တကာ့်ပညာရှိ ဆရာတော်များထံ ချဉ်းကပ်မေးမြန်းဦးပေါ့။စာပေ မတတ်တဲ့ဖြီးဖြန်းဆရာ၊ဒကာ-ဒကာမတွေကို အလိုလိုက်ပြီး အားနာပါးနာ နဲ့ညာဝါးနေတဲ့သူမျိုး တွေဆီကိုတော့ သွားမမေးနဲ့။ အဲဒီရောက်ရင် ပွဲပြင်၊ပွဲထိုး နဲ့ ပျက်မယ်သာကြံရော့ပဲ။
ဒါ အမှန်အတိုင်းပြောတာ။သူတို့ကို နှိမ့်ချကဲ့ရဲ့တာမဟုတ်။ ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်တာပဲဟာ။
ဆရာတော် ယူဆသကဲ့သို့ပင် ထိုအမှားများကို ကိုးကွယ်နေမိခြင်းမှာ"စာပေမမတ်သောဖြီးဖြန်းဆရာ၊ဒကာ-ဒကာမတွေအလိုလိုက်ပြီး ညာဝါးစားနေတဲ့"သူ အချို့ကြောင့်လည်းဖြစ်နိုင်ပါ၏။ ထို ကျမ်းစာအုပ်၏ စာမျက်နှာ(၁၉၇) တွင် ဖြေဆိုထားသည်မှာလည်း တိုတိုကျဉ်းကျဉ်းနှင့် လိုရင်းထိမိသော အဖြေဖြစ်ပါသဖြင့် အလွန်မှတ်သားထိုက်ပါပေ၏။
ဒကာ။ ။ယခုခေတ် လူအများတို့ မင်းကြီး၊မင်းလေး၊မြင်းဖြူရှင်၊ဗိဿနိုး၊သူရဿတီ စတဲ့နတ်အမျိုးမျိုး တို့ကို ကိုးကွယ်ပူဇော်နေတာဟာ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသလား ဆရာတော်။
ဆရာတော်။ ။ မိမိ တို့ပြုလုပ်နေကြတဲ့ ကုသိုလ်၊အကုသိုလ်ကံ မပါဘဲ နတ်တို့က စောင့်ရှောက် ထောက်ပံ့ မစ ပေးလို့ ကောင်းကျိုး၊ဆိုးကျိုးရတယ် ဟု ကံ-ကံ၏အကျိုးကိုမယုံကြည်ဘဲ နတ်သက်သက် ကို တစ်ဖက်သတ် ယုံကြည်အားကိုးကာနတ်တို့နေရန် နတ်ကွန်း ကိုမွမ်းမံပြင်ဆင်ခြင်း၊ အမွှေးနံ့သာတို့ဖြင့်ပက်ဖြန်းခြင်း၊ငှက်ပျောပွဲ အုန်းပွဲတို့ဖြင့် ကောင်းမွန်စွာ ပသ ပူဇော်ရှိခိုးခြင်း၊ လက်အုပ်ချီ ခြင်းပြုသူတို့ကား မိစ္ဆာဒိဋ္ဌိ ဖြစ်၏ တဲ့။ ဆင်ခြေ တက်စရာမလိုဘူး။
ဆရာတော်၏အဖြေ တို့မှာ တိကျပြတ်သားလှသဖြင့် ထင်ရာ၊မြင်ရာကိုးကွယ်သူတို့က ကြမ်းသည် ဟု ယူဆကောင်းယူဆကြပေလိမ့်မည်။ သို့သော် ထို အသုံးအနှုန်းများကပင် ဆရာတော်၏ စေတနာ ကို ထင်ရှားပေါ်လွင်စေပါ၏။
အလွဲယုံကြည်ကိုးကွယ်မှု မိစ္ဆာဒိဋ္ဌိ အယူမှားသည် ကြီးစွာသော အန္တရာယ် ဖြစ်ကြောင်းကို"အင်္ဂုတ္တရနိကာယ်"လာ ဘုရားရှင် ဟောကြားညွှန်ပြသော ဒေသနာဖြင့် ထောက်ဆသိနိုင်ပါသည်။
"ရဟန်းတို့ ၊
ဤမှားသောမြင်ခြင်း"မိစ္ဆာဒိဋ္ဌိတရား"သည် သတ္တ၀ါတို့ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်နောက်၌ ချမ်းသာခြင်းကင်းသော
မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ရောက်ကြောင်းဖြစ်သကဲ့သို့ ဤအတူ သတ္တ၀ါတို့ ငရဲ သို့ရောက်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။

ရဟန်း တို့၊
မှားသော မြင်ခြင်း မိစ္ဆာဒိဋ္ဌိ အယူရှိကုန်သော သတ္တ၀ါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော၊ မကောင်းသော လားရာပျက်စီး၍ ကျရောက်ရာ ငရဲ သို့ ရောက်ရကုန်၏"

(အံ၊မြန်၊၁၊၄၂)
ထို လွဲမှားသော မိစ္ဆာဒိဋ္ဌိ အယူမှားများကို ဘုရားရှင်ဟောကြားသောဒေသနာ၊ ဆရာတော်ကြီးများ၏ စေတနာများကိုထောက်ထား၍ အထူးပင် ရှောင်ရှားစွန့်ပယ် သင့်လှပါကြောင်း ရေးသားတင်ပြအပ်ပါ၏။

0 comments:

Post a Comment