သံဃိကအလှူဆိုတာကတော့
သံဃာကို ရည်စူးပြီး လှူတဲ့ အလှူပါ။ ရဟန်းတစ်ပါးကို ဆွမ်းလောင်းတဲ့အခါမှာ
အဲဒီတစ်ပါးကိုပဲ အာရုံမပြုဘဲ မြတ်စွာဘုရား လက်ထက်တော်ကတည်းက ရှိခဲ့တဲ့
အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလ္လာန်၊ အရှင်မဟာကဿပ အစရှိတဲ့
အရိယာသံဃာတော်တွေနဲ့တကွ ဒီနေ့ဒီအချိန်ထိ ရှိနေခဲ့တဲ့ အရိယာသံဃာတော်တွေ၊
ဒီနေ့ဒီအချိန်မှာ ရှိနေဆဲဖြစ်တဲ့ အရိယာသံဃာတော်တွေ၊ နောင်လည်း
သာသနာမကွယ်မချင်းရှိနေဦးမယ့် အရိယာသံဃာတော်တွေ၊ အဲဒီလိုအားဖြင့် ရှိပြီး၊
ရှိဆဲ၊ ရှိလတ္တံ့ အရိယာသံဃာတော်အားလုံးကို အာရုံပြုပြီးတော့ လှူဒါန်းတဲ့
အလှူဒါနကို သံဃိကဒါနလို့ ခေါ်ပါတယ်။
ကိုယ့်ရှေ့မှာ
ရဟန်းသံဃာတစ်ပါးပဲရှိပေမယ့် ကိုယ့်ရှေ့မှာရှိတဲ့ ရဟန်းတစ်ပါးကို
ဆွမ်းကပ်တယ်လို့ အာရုံမပြုဘဲနဲ့ သာသနာတော်မှာရှိခဲ့တဲ့၊ ရှိနေတဲ့၊
ရှိဦးမယ့် အရိယာသံဃာတော်အားလုံး၊ အရိယာမဖြစ်သေးသော်လည်း အရိယာဖြစ်အောင်
ကျင့်ကြံအားထုတ်နေတဲ့၊ အရိယာလမ်းကြောင်းမှာ လျှောက်လှမ်းနေကြတဲ့
သံဃာတော်အားလုံးကို လှူဒါန်းပါတယ်လို့ စိတ်ကနေ အာရုံပြုပြီး
လှူဒါန်းလိုက်မယ်ဆိုရင် ရဟန်းတစ်ပါးကို လှူပေမယ့်လည်း အရိယာသံဃာ အားလုံးကို
လှူရတဲ့ကုသိုလ် ဖြစ်သွားပါတယ်။
ဘယ်လောက်ထိအောင်
သံဃိကဒါနဟာ မြတ်သလဲဆိုရင် သာသနာကွယ်ခါနီးကာလမှာ အခုခေတ်လို့ သင်းပိုင်တွေ၊
ဧကသီတွေ၊ အပြည့်အစုံ ၀တ်ထားတဲ့ သံဃာဆိုတာ မရှိတော့ဘူး။ လူတွေလိုပဲ
ဆံပင်ရှဓည်ရှည်နဲ့၊ အင်္ကျီပုဆိုးနဲ့၊ ဘောင်းဘီနဲ့၊ လူ့အသုံးအဆောင်၊
လူ့အ၀တ်အစားတွေ ၀တ်ထားတယ်။ အိမ်ထောင်သားမွေးပြုကြတယ်။ စီးပွားဥစ္စာတွေလည်း
ရှာဖွေကြတယ်။ လူနဲ့ အတူတူပါပဲ။
ဒါပေမဲ့
ဘာပဲ ထူးသလဲဆိုတော့ လည်ပင်းမှာ သင်္ကန်းကလေး ချည်ထားတယ်။ ခုခေတ် လက်ဖွဲ့ကလေး
ချည်ထားကြသလိုပေါ့လေ။ လည်ပင်းမှာ သင်္ကန်းလက်ဖွဲ့လေး ချည်ထားတယ်။
တချို့ကလည်း လက်ကောက်ဝတ်ကလေးမှာ သင်္ကန်းစလေး ပတ်ထားလိုက်တယ်။ သားရေကွင်းလေး
ပတ်ထားသလိုပေါ့။ တစ်နည်းပြောရရင်လည်း သင်္ကန်းဟန်းချိန်းကလေးပေါ့နော်။
ပတ်ထားတယ်။
အဲဒီလို
သင်္ကန်းလက်ဖွဲ့လေးချည်ထားတဲ့လူ၊ သင်္ကန်းဟန်းချိန်းလေးပတ်ထားတဲ့ လူကို သြော်
ဒါ သံဃာပဲဆိုပြီးတော့ ကိုးကွယ်ကြရမယ်။ သံဃာပေမယ့် သံဃာနဲ့မတူတဲ့
အချိန်တွေကို ရောက်သွားပါလိမ့်ဦးမယ်။ အဲဒီလို
သာသနာကွယ်ခါနီးအချိန်မှာတောင်မှပဲ အဲဒီလို သင်္ကန်းလက်ဖွဲကလေးလောက်ပဲ
ချည်ထားတဲ့၊ သင်္ကန်းဟန်းချိန်းလေးလောက်ပဲ ၀တ်ထားတဲ့ ရဟန်းကို (သီလဆိုတာကတော့
ဘာမှမရှိတော့ဘူးလေ။ အိမ်ထောင်သားမွေးတောင် ပြုတယ်ဆိုမှတော့)…
အဲဒီလို
သီလလုံးဝမရှိတဲ့၊ ရဟန်းပုံတောင် မပေါက်တော့တဲ့ ရဟန်းတစ်ပါးကိုတောင်မှ
အရိယာသံဃာတော်အပေါင်းအား လှူဒါန်းပါ၏လို့ အရိယာသံဃာကို အာရုံပြုပြီး
လှူဒါန်းလိုက်မယ်ဆိုရင် အဲဒီ ရဟန်းတစ်ပါးကို ဆွမ်းတစ်နပ်ကပ်လိုက်ရတဲ့
အလှူဒါနက ရဟန္တာအစစ်၊ သင်္ကန်း ပရိက္ခရာ အပြည့်အစုံ ၀တ်ဆင်ထားတဲ့
သာသနာ့ယူနီဖောင်းအပြည့် ၀တ်ဆင်ထားတဲ့ ရဟန္တာ အရိယာအရှင်မြတ်ကြီးတစ်ပါးကို
ဆွမ်းတစ်နပ်ကပ်ရတဲ့ အလှူဒါနထက်တောင် အကျိုးပေး ကြီးကျယ်ပါတယ်။
သံဃိကဒါနဟာ
ဘယ်လောက် ထူးခြားဆန်းကြယ်တယ်ဆိုတာ အင်မတန် စဉ်းစားဖို့ကောင်းပါတယ်။
သီလလုံးဝမရှိတဲ့၊ ရဟန်းပုံလည်း လုံးဝမပေါက်တဲ့ လူပုံစံ
ရဟန်းတစ်ပါးကိုတောင်မှ အရိယာသံဃာကို အာရုံပြုပြီး လှူဒါန်းမယ်ဆိုရင်
ရဟန္တာတစ်ပါးကို (ရဟန္တာအစစ်နော်၊ ရဟန္တာအင် မဟုတ်ဘူး။) တကယ့် ရဟန္တာအစစ်ကို
လှူဒါန်းရတဲ့ ဒါနထက်တောင် အကျိုးပေးကြီးကျယ်ပါတယ်ဆိုတော့ သံဃိကဒါနဖြစ်အောင်
အင်မတန် ကြိုးစားအားထုတ်သင့်ပါတယ်။
သံဃိကဒါန
အကျိုးပေးကြီးကျယ်ရခြင်းရဲ့ အကြောင်းကို နှစ်ချက်မှတ်ထားပေါ့။ ပထမအချက်က
သံဃိကဒါနရဲ့ အလှူခံပုဂ္ဂိုလ်တွေထဲမှာ သီလမရှိတဲ့ပုဂ္ဂိုလ် လုံးဝမပါဘူး
ဆိုတဲ့အချက်၊ ဒုတိယအချက်က သံဃိကဒါန ပေးလှူသူရဲ့ သန္တာန်မှာ အစွဲမပါဘူးဆိုတဲ့
အချက်၊ ဒီအချက်နှစ်ချက်ကြောင့် သံဃိကဒါနဟာ ပုဂ္ဂလိကဒါနထက် အကျိုးပေး
ကြီးကျယ်ရပါတယ်။
သံဃာလို့
ဆိုလိုက်တာနဲ့ အရှင်သာရိပုတ္တရာ စတဲ့ ရဟန္တာအရှင်မြတ်ကြီးတွေ ပါဝင်နေပြီ။
ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ကြည့်ရင်သာ သီလမရှိတဲ့ပုဂ္ဂိုလ်ဆိုတာ
ရှိချင်ရှိမယ်၊ ပုဂ္ဂိုလ်အားလုံးအပေါင်း သံဃာအနေနဲ့ ကြည့်လိုက်တော့ သံဃာဟာ
သီလမရှိဘူးဆိုတာ မရှိတော့ဘူး။
အလှူခံပုဂ္ဂိုလ်ဟာ
သံဃာလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် သီလရှိတဲ့ အလှူခံပုဂ္ဂိုလ် သေချာပေါက်
ဖြစ်သွားပါတယ်။ တခြား တခြားသော ရဟန္တာအရှင်မြတ်ကြီးတွေဆိုတာ
အသာထားလိုက်ပါဦး၊ အရှင်သာရိပုတ္တရာတစ်ပါးတည်းကတောင်မှ သံဃိကကုသိုလ်ကို
အကျိုးပေး ကြီးကျယ်အောင် စွမ်းဆောင်နိုင်ပါတယ်တဲ့။
အလှူခံပုဂ္ဂိုလ်ကို
သံဃာလို့ အာရုံပြုလိုက်တာနဲ့ တစ်ပြိုင်နက် ငါ့ဦးဇင်း၊ ငါ့ဘုန်းကြီး၊
ငါ့ဆရာတော်ဆိုတဲ့ အစွဲတွေလည်း ပြတ်ကျသွားပါတယ်။ အစွဲပြတ်လေ၊
စေတနာသန့်ရှင်းလေဖြစ်တာမို့ အစွဲကင်းတဲ့ သံဃိဒကဒါနဟာ အစွဲမကင်းတဲ့
ပုဂ္ဂလိကဒါနထက် အဆပေါင်းများစွာ မနိုင်းယှဉ်သာအောင် အကျိုးပေး
ကြီးကျယ်ရပါတယ်။
0 comments:
Post a Comment