ဗုဒ္ဓဘာသာဝင်တိုင်း
သံဃိကစိတ်ထား မွေးမြူသင့်ပါတယ်။ ရဟန်းတစ်ပါးနဲ့တွေ့ပြီဆိုရင်
မကြည်ညိုတဲ့အချက်ကလေး၊ ကိုယ်သဘောမကျတဲ့ အချက်ကလေး တစ်ချက်တွေ့တာနဲ့
ဒီကိုယ်တော်တော့ အလကားပါ။ ဒီကိုယ်တော် သီလလည်း မရှိဘူး၊ ကြည်ညိုစရာလည်း
လုံးဝမရှိဘူး၊ ကြည့်လို့ကို မရဘူး၊ ဘာမှ မလှူချင်ပါဘူး၊ ဒီကိုယ်တော်ကို
လှူလိုက်မယ့်အစား ခွေးကျွေးလိုက်တာကမှ ကောင်းဦးမယ်လို့ တချို့ဒီလို
ကွယ်ရာမှာ ပြောလေ့ရှိကြတယ်။ ဒါ စိတ်ထားမတတ်လို့ ဖြစ်တာပါ။
ခုခေတ်
သီလမရှိဘူးဆိုတာဟာ သာသနာနှောင်းပိုင်း သင်္ကန်းဟန်းချိန်းလေး
ဝတ်ထားတဲ့အချိန်လောက်တော့ မဆိုးသေးပါဘူး။ သင်းပိုင် ဧကသီ အပြည့်အစုံနဲ့၊
ခေါင်းတွေလည်း ရိတ်လို့ သာသနာ့ယူနီဖောင်း အပြည့်အစုံ ရှိပါတယ်။ အဲဒါကို
အရိယာသံဃာကို အာရုံပြုပြီး လှူဒါန်းလိုက်မယ်ဆိုရင် ဘယ်လောက်
အကျိုးကျေးဇူးကြီးမလဲ။
ကိုယ်ကစိတ်ထားမတတ်လို့
ပြောဆိုပြစ်မှားမိတော့ ကိုယ်ပဲ အကုသိုလ်တွေဖြစ်၊ ကိုယ်ပဲ သံသရာမှာ
ဆိုးကျိုးတွေဖြစ်ရမယ်။ တချို့ဒါနတွေပြုလိုက်တာ၊ ဒုက္ခတွေလည်း ရောက်လိုက်တာ။
ငါတို့ ကုသိုလ်တွေ၊ ပြုရက်သားနဲ့ ဘာလို့ ဆိုးကျိုးတွေဖြစ်နေတာလဲ၊
ဘာလို့များ ဒုက္ခတွေ ရောက်ရောက်နေတာလဲလို့ ပြောတတ်တယ်။ ကုသိုလ်ပြုတဲ့
အချိန်မှာ စိတ်ထားလေးတွေ နိမ့်ကျသွားလို့၊ စိတ်ဓာတ်လေးတွေ
လိုအပ်သွားလို့ပါပဲ။
အထူးသဖြင့်
ရဟန်းသံဃာကို စိတ်နဲ့၊ သို့မဟုတ် နူတ်နဲ့ ပြစ်မှားတဲ့ အကုသိုလ်ကံရှိနေရင်
တစ်ဖက်က ကုသိုလ်ကံတွေ ဘယ်လောက်ပဲ လုပ်လုပ် ကံတား လာဘ်တားဖြစ်ပြီး
အဆင်မပြေမူတွေ၊ စိတ်ဆင်းရဲမူတွေနဲ့ တွေ့ကြုံနေရမှာပါပဲ။
တချို့ကလည်း
ရှိသေးတယ်။ ဒုဿီလရဟန်းတစ်ပါးကို လှူဒါန်းထောက်ပံ့လို့ရှိရင်
အဆိပ်ပင်ရေလောင်းသလို ဖြစ်နေလိမ့်မယ်၊ ဒီလို ပြောလေ့ရှိကြတယ်။ ဒါက
လှူဒါန်းတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်စေတနာပေါ်မှာ မူတည်ပါတယ်။
ကိုယ်က
ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ ရဟန်းတစ်ပါးကို ကိုယ်ကျင့်တရား
ချိုးဖောက်တဲ့အလုပ်ကို ဆက်ပြီးလုပ်နိုင်ပါစေလို့ တွန်းအားပေးတဲ့သဘော၊
အားပေးတဲ့သဘောနဲ့၊ မကောင်းတဲ့အလုပ်တွေ၊ ရဟန်းနဲ့ မအပ်စပ်တဲ့အလုပ်တွေ
လုပ်ဖို့အတွက် အသက်ဆက်ပေးတဲ့သဘောနဲ့၊ အသက်ဆက်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
လှူဒါန်းတယ်ဆိုရင်တော့ အဆိပ်ပင် ရေလောင်းသလိုဖြစ်မှာပေါ့။
ကိုယ့်စေတနာကိုက သူမကောင်းတာတွေ ဆက်လုပ်စေချင်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုရင်တော့ အဆိပ်ပင်ရေလောင်းရာ ရောက်ပါတယ်။
အဲဒီလိုမှ
မဟုတ်ဘဲနဲ့ သူ့ဘာသာသူ သီလမရှိတာ ကိုယ်နဲ့ ဘာမှမဆိုင်ဘူး၊ သူ့အပိုင်းပဲ၊
ကိုယ့်တာဝန်ကတော့ ကိုယ့်ထံရောက်လာတဲ့ အလှူခံပုဂ္ဂိုလ်ကို
အရိယာသံဃာတော်အပေါင်းကို ရည်စူးပြီးတော့ လှူဒါန်းရမှာပဲဆိုပြီး
လှူဒါန်းလိုက်မယ်ဆိုရင်တော့ အဆိပ်ပင်ရေလောင်းရာ မရောက်ပါဘူး။
ကုသိုလ်ရသွားပါတယ်။
သီလမရှိတဲ့
ရဟန်းတစ်ပါးဖြစ်နေပေမယ့် ကျန်တဲ့အချိန်မှာ မကြည်ညိုတာထားလိုက်၊
မလွဲမရှောင်သာလို့ လှူရတော့မယ့် အခွင့်အလမ်းမျိုးကြုံနေပြီ၊ အခြေအနေမျိုး
ကြုံနေပြီဆိုရင် “အရိယာသံဃာတော်ကို စိတ်ထဲက ထပ်ကာထပ်ကာ အာရုံပြုပြီးတော့
လှူပါ။
ကိုယ့်ရှေ့မှာရှိတဲ့
ကိုယ်မကြည်ညိုတဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာကို မကြည့်ပါနဲ့။ သူ့ရဲ့
မကောင်းတဲ့အချက်အလက်တွေကိုလည်း အာရုံမပြုပါနဲ့။ သူ့ကို လှူတာမဟုတ်ဘူး။
ကိုယ့်ရှေ့မှာတွေ့နေတဲ့ ဒုဿီလ ရဟန်းတော်ဟာ အရိယာသံဃာအားလုံးရဲ့
ကိုယ်စားအဖြစ်နဲ့ ကြွရောက်ပြီး အလှူခံတယ်လို့ သဘောထားလိုက်ရုံပါပဲ။
သံအမတ်ကြီးတစ်ဦးအနေနဲ့
သတ်မှတ်လိုက်ရမှာပါပဲ။ သံအမတ်ကြီးတစ်ယောက်ဆိုတာ နိုင်ငံတစ်ခုလုံးကို
ကိုယ်စားပြုပါတယ်။ သံအမတ်ကြီးကို စော်ကားတာဟာ အဲဒီသက်ဆိုင်ရာနိုင်ငံကို
စောကားတာနဲ့ အတူတူပါပဲ။ သံအမတ်ကြီးကို လေးစားတာဟာ အဲဒီသက်ဆိုင်ရာနိုင်ငံကို
လေးစားတာနဲ့ အတူတူပါပဲ။
ဒါ့ကြောင့်
မိမိရှေ့မှောက်မှာ ရောက်နေတဲ့ ရဟန်းတော်ဟာ သာသနာတော်မှာ ရှိရှိသမျှသော
အရိယာသံဃာအားလုံးရဲ့ ကိုယ်စားမျှသာဖြစ်တယ်လို့ နှလုံးသွင်းပြီးတော့
အရိယာသံဃာကို အာရုံပြုပြီး လှူဒါန်းလိုက်မယ်ဆိုရင် ရဟန္တာပုဂ္ဂိုလ်တစ်ပါးကို
လှူဒါန်းရတာထက်တောင်မှပဲ မရေမတွက်နိုင်လောက်အောင်၊
မနိုင်းယှဉ်နိုင်လောက်အောင် ပိုပြီးတော့ အကျိုးပေးကြီးကျယ်ပါတယ်။
ဒါ့ကြောင့်
သံဃိကစိတ်ထားဆိုတာ အင်မတန် လိုအပ်ပါတယ်၊ ရုပ်ပွားတော်၊
ဆင်းတုတော်တွေကတစ်ဆင့် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကို အာရုံပြု
ကြည်ညိုနိုင်ကြသလို ကိုယ့်မျက်မှောက်မှာ မြင်တွေ့နေရတဲ့ ရဟန်းတော်တွေကို
ကြည့်ပြီး အရိယာသံဃာတော်တွေကို အာရုံပြု ကြည်ညိုနိုင်အောင် အလေ့အကျင့်
ပြုလုပ်ပေးကြရပါမယ်။
ဒီတော့
ကထိန်သင်္ကန်း ငါတို့ လှူဒါန်းရတာဟာ သံဃာကို လှူဒါန်းရတယ်။
ဘုရားလက်ထက်ကတည်းက ရှိခဲ့တဲ့၊ ခုတိုင် ရှိနေတဲ့၊ နောင်လည်း ရှိကြဦးမယ့်
အရိယာသံဃာတော်တွေအားလုံးကို လှူဒါန်းလိုက်ရတာဆိုတော့ မိမိတို့ဒါနဟာ
အလှူခံပုဂ္ဂိုလ်တွေထဲမှာ အဆင့်မြင့်ဆုံး အလှူခံပုဂ္ဂိုလ်ကို လှူဒါန်းလိုက်ရာ
ရောက်သွားပါပြီ။
ကထိန်အလှူဒါနဟာ
သံဃာကိုသာ လှူခွင့်ရှိတဲ့ဒါန ဖြစ်တဲ့အတွက်ကြောင့် အထူးခြားဆုံးဒါန
ဖြစ်ရပါတယ်။ ဒါက အလှူခံပုဂ္ဂိုလ်ရူထောင့်ကနေ သုံးသပ်တာပါ။
0 comments:
Post a Comment