Popular Posts

Saturday, July 20, 2013

ချမ်းသာစစ်ဆီသို့....

ဒီနေ့ရေးချင်တာလေးက ကျင့်စဉ်အချုပ်လေးပါ။ ဒါလေးက ကျနော် လေ့ကျင့်ခဲ့တဲ့ နည်းလမ်း လေးတွေကို ပြန်လည် စုစည်းတင်ပြခြင်းပါပဲ။ တကယ်လက်တွေ့ လုပ်ဖို့အားသန်သောသူများအတွက် တစ်ထောင့် ထောင့်ကနေ အထောက်အကူ ဖြစ်စေဖို့  ရည်ရွယ်ပါတယ်။
ဝိပဿနာကျင့်ရခြင်း၏ ရည်ရွယ်ချက်
          တို့တွေ ရထားတာက ဒုက္ခခန္ဓာကြီးဆိုတော့ အမြဲတမ်းဆင်းရဲတာပဲခံရတယ်။ ဆင်းရဲတော့ ချမ်းသာ ချင်တယ်။ ချမ်းသာချင်တော့ ချမ်းသာ ရာချမ်းသာကြောင်း ရှာကြရပြီ။ ပျော်ပွဲရွှင်ပွဲတွေ နွဲရင်တော့ စိတ်ချမ်းသာ မယ်လို့ ထင်တဲ့အတွက် အပျော်အပါးတွေ နောက်လိုက်တယ်။ လိုက်ရင်းနဲ့ ကို ဆင်းရဲတယ်။ ချမ်းသာဆိုတာ ဘယ်မလဲ?။ ပိုဝေးနေပါလား။ မိဘမဲ့ ကလေးတွေက မိဘရှိရင် ချမ်းသာမယ်ထင်ကြတယ်။ မိဘ အပြည့်အစုံရှိတဲ့ လူတွေက လက်တွဲဖော် ရှိရင်တော့ ချမ်းသာမှာပဲ။ ရှိတော့လည်း မအေးသေးဘူး…. ဒီလိုနဲ့  စိတ်ချမ်းသာမှု့နောက်ကို လိုက်ရင်းနဲ့ဝေးနေကြရတယ်။ အမြဲ ပူလောင် နေရတယ်။ ပင်ပန်း ဆင်းရဲတာတွေနဲ့ပဲ ကြုံရတယ်။ အားလုံး ပြည့်စုံပြန်တော့ မကျန်းမာပြန်ဘူး။
သြော် ဒီစိတ်ကလေးက ဘယ်လိုထားရင် ချမ်းသာနိုင်ပါ့မလဲလို့တွေးလာကြတယ်။ ချမ်းသာမယ်ထင်တဲ့ နောက်လိုက်လာခဲ့တာ ချမ်းသာအစစ်ကို မတွေ့နိုင်ခဲ့ဘူး။ ချမ်းသာအစစ်က ဘာလဲ?။ ဘယ်လိုလုပ်မှ ဒါကို တွေ့ရမလဲ ?။ ကာမဂုဏ် စည်းစိမ်တွေကတော့ ချမ်းသာမှု့  အစစ် မပေးနိုင်တာ သေချာနေပြီလေ။ ဒီလိုနဲ့သာ အိုပြီး နာလို့  သေခါလည်းနီးရော၊ အော်..နေရပြီ။ သေမှာကြောက်လို့လေ။ ဒီတော့ ဒီ အို၊ နာ၊ သေဘေးတွေ လွတ်ချင်တော့ မအို၊ မနာ၊ မသေ ဆိုတာ  လိုချင်လာတယ်။
 အို၊ နာ၊ သေ ရှိရင် မအို၊ မနာ၊ မသေရာ ဆိုတာလည်း ရှိမှာပဲ။ အဲဒါကမှအစစ် ဆိုတာကို တို့ ဘုရားက ကိုယ်တိုင်ရောက်ပြီးလို့ ဒါပဲဟေ့ ချမ်းသာ အစစ်ဆိုတာ။ မင်းတို့ရောက်ချင်ကြရင်တော့  ဒီလမ်းက  ဒီလိုသွားမှ ရောက်မယ်လို့ အလယ်အလတ် လမ်းစဉ်ကို လမ်းညွန်ပြသသွားခဲ့ပါတယ်။ ရောက်ချင်ရင်တော့ ကိုယ်တိုင် လုပ်ကြည့်။ ငါ ပြောတာ မယုံနဲ့  ကိုယ်တိုင် လျှောက်လို့  ကိုယ်တိုင် တွေ့ ပြီဆိုမှ ယုံလို့ ဟောပြခဲ့တာပါပဲ။ ဒီလမ်းကို လျှောက်တဲ့အခါ ဒီလိုနည်းနဲ့ မကိုက်ရင် ဟိုနည်းနဲ့  ကျင့်ပါဆိုပြီး လူရဲ့ စရိုက်ပေါ် မူတည်လို့ နည်းတွေ ပြသထားပါတယ်။ ကိုယ်နဲ့ ကိုက်ညီမယ့်နည်းကို သုံးလို့ဖြောင့် အောင် ကြိုးစားလျှောက်တဲ့ လူတိုင်း မအို၊ မနာ၊ မသေတဲ့ ချမ်းသာအစစ်နဲ့ တွေ့ကိုတွေ့မယ် ဆိုတာ ကျိန်းသေပါပဲ။ ဒီတော့ တို့တွေ ၀ိပဿနာကျင့်တယ် ဆိုတာ ဒီချမ်းသာအစစ်ကိုရဖို့ ပါပဲ။ ဒါကိုပဲ “ နိဗ္ဗာန် " လို့  သတ်မှတ် ကြပါတယ် ။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ၊ ၁၅၀၀ ကိလေသာ အပူမီး သိမ်းရာ ၊ ငြိမ်းအေးမှု့သာရှိတာ နိဗ္ဗာန်ပါပဲ။

နိဗ္ဗာန်သွား မြေပုံ
              တို့တွေဟာ ကိုယ်မရောက်ဖူးတဲ့ နေရာကို သွားဖို့ဆိုရင် မြေပုံရှိမှ ဖြစ်ပါမယ်။ အဲလိုမှ မဟုတ်ရင် တော့ လမ်းချော်သွားနိုင်ပါတယ်။ ဒါကြောင့် မြေပုံလေးကတော့ မရှိမဖြစ် ရှိရမှာပါ။ မြေပုံလေးက ပြတဲ့ လမ်းစဉ် အတိုင်း သွားမှ လိုရာပန်းတိုင်ကို ရောက်မှာပေါ့။ မြေပုံ ပျောက်ရင်ဖြစ်ဖြစ် ၊ မရှိရင်ဖြစ်ဖြစ် စမ်းတ၀ါးဝါး သွားနေရတာမို့ ဒါကို အကန်းသွားလို့ မြင်ထားပေါ့။ အကန်းနဲ့ သွားရင်တော့ သံသရာ လည်မယ့် လမ်းပေါ်မှာပဲ ၀င်္ကပါ ပတ်သလို ဖြစ်နေမှာမို့ နိဗ္ဗာန်သွားမြေပုံလေးတော့ လက်ထဲရောက်ဖို့ အတော့်ကို အရေးကြီးပါတယ်နော်။ ဒီမြေပုံလေးက ဘယ်လိုလုပ်မှ ရမှာလဲ?ဆိုတာ ပေါ်လာပြီနော်။ ဒါဆိုရင်တော့ မှတ်ထားလိုက်ပါ။
“ နိဗ္ဗာန် ရောက်ခြင်း၏ အစ သမ္မာဒိဋ္ဌိရမှ " ဆိုတာလေးပဲ ။ အရေးကြီးဆုံးကတော့ “ အမြင်မှန် " ဖို့ ပါပဲ။ ဒီ “အမြင်မှန်" လေးသာမြင်သွားမယ်၊ သိသွားနိုင်မယ့်ဥာဏ်လေးရ သွားရင်တော့ နိဗ္ဗာန်သွား မြေပုံလေး လက်ထဲ ဆုပ်ပြီးသားဖြစ်သွားပါပြီ။ ဒါဆို နံပါတ်-၁အရေးကြီးဆုံး “အမြင်မှန်” ဖို့ပါပဲ။ ဒီ “ အမြင်မှန် " လေးသာရရင် သူနဲ့ လက်တွဲဖော် အပေါင်းအပါတွေ အတွဲ လိုက် ပါလာမှာမို့  ကျန်တဲ့ မဂ္ဂင်(၄)ပါးက အလိုလို ရောက်လာကြမှာပါ။ ဒါဆို စုစုပေါင်းမဂ္ဂင်(၅)ပါး တပြိုင်တည်းပါသွားပြီမို့ လမ်းမှန်ပေါ်ရောက်လို့ ဆက်လျှောက် သွားရုံပါပဲ။ ဒါဆို ဘာကို အရေးကြီးဆုံး ကြိုးစားရမှာလဲဆိုရင် “ အမြင်မှန် " ဖို့ ပေါ့။
ဒီအမြင်မှန်ခြင်းရဖို့  ကျတော့ အကြောင်းပြုမှ အကျိုး ဖြစ်မှာလေ။ ဒီတော့ ဘာအကြောင်းပြုဖို့လိုလဲ? ဆိုတော့ ခန္ဓာဥာဏ် ရောက် နှလုံးသွင်းမှန်တဲ့ ကိုယ်နဲ့ထိုက်တဲ့ တရားများများ နာပေးရပါမယ်။ နှလုံးသွင်း မှန်တဲ့ တရားဆိုတာ ဘာကို ပြောတာလဲ ဆိုရင် သတ္တ၀ါ မဟုတ် ၊ အသက် မဟုတ် ၊ ပုဂ္ဂိုလ်မဟုတ်တဲ့ သုညတ တရားကို နားကြီးကြီးနဲ့ နာပေးရပါမယ်။ တကယ့် အရှိတရားသည် ရုပ်၊ နာမ် + ဖြစ် +ပျက် + နဲ့  ဒုက္ခသစ္စာ တွေ သာ ဖြစ်တယ်လို့ ကွက်ကွက်ကွင်းကွင်းကို အမြင်မှန်ဖို့ ဟောတဲ့ တရားမျိုးကို ရွေးချယ်ပြီး နာနာ နာပေးပါ။   ဒီတရားတွေ ကို နာပြီး ဟောတဲ့ အတိုင်း နှလုံးသွင်းမှန်နိုင်အောင် အရင်လုပ်ရပါမယ်။ ဒီလို နေ့စဉ်  တရားလေးတွေ ကို နာလိုက်၊ ဟောတဲ့ အပေါ် နှလုံးသွင်းမှန်အောင် ကြိုးစားလိုက် နဲ့ လေ့ကျင့် ပေးရပါမယ်။ ဒါက နာယူခြင်းဖြင့် အမြင်မှန်ရဖို့ တစ်ဖက်က ကြိုးစားပါ။ တစ်ဖက်ကလည်း ကိုယ်ပိုင်ဥာဏ်နဲ့ အမြင်မှန်ဖို့ ကျတော့ သမာဓိ အရင် ထူထောင်ရပါမယ်။ ဒါဆို အဆင့်လေးတွေနဲ့ ရှင်းအောင် ချုပ်ပြမယ်နော်။ ခန္ဓာဥာဏ်ရောက်တရားတွေကတော့ အမြဲနာယူလို့ နှလုံးသွင်း နေရမယ်နော်။

သမာဓိ ထူထောင်ခြင်း 
            အရင်ဆုံး သမာဓိ ထူထောင်ရပါမယ်။ ၀ိပဿနာ တရားကို ရှုပွားဖို့ အတွက် သမာဓိဟာ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်တဲ့ အတွက် ဒီအုတ်မြစ်လေးကို ခိုင်အောင် အရင်ထူထောင်ရပါမယ်။ ဒီလို သမာဓိ ထူထောင်ရာမှာ နည်းမျိုးစုံရှိတဲ့အတွက် မိမိပိုင်နိုင်ရာကို လေ့ကျင့်နိုင်ပါတယ်။ အဓိက ကတော့ စိတ်ကလေးကို တစ်နေရာထဲမှာ စူးစိုက်နိုင်ပြီး တည်ငြိမ်သွားအောင် ထိန်းပေးခြင်းပဲ  ဖြစ်လို့  ဘယ်နည်းနဲ့ပဲ  ကျင့်ကျင့်  သမာဓိရဖို့  အရေးကြီးပါတယ်။ အခုတော့ ကျနော်က ကိုယ်ကျင့်ခဲ့တဲ့ သမာဓိ လမ်းစဉ်လေးကို ပြောပြပါ့ မယ်။ ဒါကတော့ နှာသီးဖျား ထိ ၊ သိ သမာဓိ ထူထောင်ခြင်းပါပဲ ။
           အရင်ဆုံး ဘုရားရှိခိုးပါ။ မေတ္တာပို့ ပါ။ သံသရာ အပြစ်တွေကို တောင်းပန်ပါ။ ပြီးရင် ခန္ဓာကိုယ်ကို တင်ပလ္လင် ခွေထိုင်ပြီး ခါးကို ဖြောင့်စွာ ထားပါ။ စိတ်ကို နှာသီးဖျားမှာ ထားပါ။ အရင်ဆုံးဝင်လေလေး ရှုသွင်းပါ။ ၀င်လာတဲ့ လေသည် နှာသီးဖျားကို ထိ  ပြီး ၀င်သွားပါမယ်။ ထိတာလေးကိုလို့ မှတ်ပါ။ ဒါသည် ၀င်လေ ထိသိ ကိုမှတ်တာပေါ့ ။ နောက် ထွက်လေလေး ပြန်ထွက်သွားမယ်။ နှာသီးဖျားကို ထိပြီး ထွက်သွားမယ် ။ိတဲ့ အခါ လို့ မှတ်ပါ ။ ဒါသည် ထွက်လေထိသိ ကို မှတ်နေတာနော်။ ဒါဆိုရင် ၀င်တိုင်း သိပေးနေပြီး ထွက်တိုင်းလည်း သိပေးနေမယ် ဆိုရင် တစ်စတစ်စနဲ့  စိတ်ကလေး ငြိမ်ငြိမ် လာမယ်နော်။ အကယ်၍ သမာဓိ အားလေး တစ်ခု အရှိန်လေး ရလာရင်တော့ သမာဓိ နိမိတ်တွေလည်း ပေါ်လာမယ်နော်။ အဲဒီအခါမှာ ရုပ်အညစ်အကြေးတွေလည်း ဒွါရ (၆)ပေါက် ကနေ  တစ်ခုမဟုတ် တစ်ခု ထွက်လာတတ်တယ်။ ကျနော့်တုန်းကတော့ ပါးစပ်ထဲက အာပုပ်ရည်တွေ တရစပ် ထွက်လာလို့ဘေးမှာ ခွက်ကလေးထားပြီး တချိန်လုံး ထွေးထုတ် နေရတယ်။ အဲဒီအခါမှာ ဒီလို ဖြစ်လာတဲ့ အပေါ် တားမြစ်မှု တစ်စုံတစ်ရာ မလုပ်ပါနဲ့။ ဒါသည်ပင် သမာဓိအားလေးကြောင့်ဖြစ်လာရတာမို့ သူ့သဘောလေးအတိုင်း ထားပြီး ကိုယ့်ရဲ့ အမှတ်သတိ လေးမပျက်အောင် ဂရုစိုက်ပေးပါ။
                        ဒီလိုနဲ့သတိလေးထားလို့ဝင်လေထိသိ၊ ထွက်လေထိသိကို မှတ်နေရင်းက တစ်ခါ တစ်လေ မီးခိုးငွေ့ တွေ လိုလို၊ အလင်းတန်းတွေ၊ လျှပ်စီးရောင်တွေ၊ စေတီတန်ဆောင်းတွေ၊ တောတောင် ရေမြေ သမုဒ္ဒရာတွေ၊ လ၀န်း၊ နေ၀န်း အသွင်တွေ စသဖြင့် လည်း ပေါ်တတ်တယ်။ ဒါသည်လည်း သမာဓိ နိမိတ်တွေပါပဲ။ အဲလိုပေါ်ရင် ပေါ်တဲ့ အာရုံနိမိတ်တွေပေါ်မှာ စိတ်ကရောက်သွားတယ်။ ဘုရားတွေ ကြွလာ တယ် ဖူးနေမိတယ်နော်။ အဲဒါတွေ ပျောက်သွားရင် နှာသီးဖျားကို စိတ်က ပြန်ရောက်သွားရော၊ မရောက်ခဲ့ရင်လည်း တမင်ထားပြီး  ဆက်မှတ်ရမယ်။ မှတ်ရင်း မှတ်ရင်းက တဖြည်းဖြည်းနဲ့ စိတ်ကလေး ငြိမ်ပြီး အေးလာလိမ့်မယ်နော်။ ဒါဆိုရင်တော့ သမာဓိ အားလေး ပြည့်ပြီလို့  မှတ်ပါ။ တစ်ခါတလေ လင်းထိန်နေတာက ပိုပြီး အလင်းတွေ တောက်လို့  လာတတ်တယ်။ အဲဒီ ငြိမ်နေတဲ့ နိမိတ်ပေါ်မှာပဲ စိတ်ကလေးက တည်ငြိမ်ပြီး ကြည်လင် လာမယ်နော်။ အပြင်အာရုံတွေ အပေါ် စိတ်က မရောက်တော့ဘူးပေါ့။ ဒါဆို သမာဓိ ရလာပြီလို့ သိလိုက်ပါ။ နှာသီးဖျား ထိသိလေးနဲ့ သမာဓိ ထူထောင်ပြီးပါပြီ။
***
ဝိပဿနာ ဆိုတာ ရုပ် ၊ နာမ် ဖြစ်ပျက်ကို တွေ့ မြင်သည်မှ စ၍ ဥာဏ်
မျက်ခြေမပြတ် စေဘဲ ဖြစ်ပျက်ကို ကြောက်လန့် ရွံ့ မုန်းလာအောင် ၊ ထို့   နောက် ဖြစ်ပျက် အဆုံးကို မြင်အောင် မီးပွတ် ယောက်ျား ပုံ အလား သို့ 
မနားမနေ ပွားများအားထုတ်ရသော တရားဖြစ်ပေသည်။
  

အာနာပါန ၀ိပဿနာ ကမ္မဋ္ဌာန်း

           ဒီနှာသီးဖျား သမာဓိ ကောင်းကောင်းရလာပြီ ဆိုရင် နှာသီးဖျား ထိသိလေးကို ရုပ်၊ နာမ် ခွဲရပါမယ်။
 ထိတာက ရုပ် ၊ သိတာက နာမ် " ။ နှာသီးဖျားသည် ဖောက်ပြန်တတ်တဲ့သဘောရှိလို့ ရုပ်တရား၊ လေသည်လည်း ဖောက်ပြန်တတ်တဲ့သဘောရှိလို့ ရုပ်တရားပဲ၊ ဒီရုပ်၂ ခုထိလို့ သိ လိုက်တာသည် နာမ်တရားလေးပါ။ ဒီတော့ ၀င်လေလေးနဲ့ နှာသီးဖျား ထိတာ ရုပ် ၊ သိတာနာမ်လို့ ခွဲပြီး မှတ်ပေးပါ။ ဒီလိုပဲ ထွက်လေလေး ထွက်သွားတဲ့ အခါ နှာသီးဖျားကို ထိပြီးထွက်သွားမယ်။ ထိလိုက်ရင် သိပြီ။ ရုပ် နာမ် ခွဲပေးပါ။ ဒီလိုရုပ်၊ နာမ် ခွဲ ခွဲပေးတော့ ဘာတွေ ပိုထင်ရှားလာလဲ ဆိုတော့ ဒီ ထိ၊ သိထဲမှာ ငါမပါ ၊ ငါမဟုတ် ၊ ယောက်ျားမိန်းမ ပုဂ္ဂိုလ် သတ္တ၀ါ မဟုတ် ၊ ထိ သိတာ နာမ်နဲ့ ရုပ်ဆိုတဲ့ တကယ့် အရှိတရားလေးကိုပဲ ကွက်ပြီး သိမြင် လာပါမယ်။ အမြင်မှန်ရဖို့ အစပျိုး နေပါပြီ။ ပုဂ္ဂိုလ်၊ သတ္တ၀ါ ၊ယောက်ျား၊  မိန်းမ  တွေပျောက်လို့ တကယ့်  အရှိတရား  ရုပ်နဲ့နာမ်လေးကိုသာ သတိလေးနဲ့ သိလို့ မြင်တတ်နေအောင် ကြိုးစားရပါမယ်။ တကယ်တော့ ဒီပုဂ္ဂိုလ် သတ္တ၀ါတွေဟာ အပေါ်ယံ ပညတ်တွေသာ ဖြစ်ပြီး တကယ့်အရှိတရားကတော့ ဒီရုပ်နဲ့ နာမ်ပါပဲလားလို့ သာ သဘောပေါက် သိမြင်သွားမယ် ဆိုရင်တော့ အမြင်မှန်ခြင်းရဲ့ ပထမ ခြေလှမ်း လှမ်းနိုင်ပြီပေါ့ ။
          နောက်ထပ် တစ်ဆင့် ထပ်တိုးလို့  အကြောင်းအကျိုး ခွဲကြည့်ကြပါစို့ ။
ရုပ်နှစ်ပါးထိခြင်းသည် အကြောင်း ၊ ဒီအကြောင်းလေး ဖြစ်လို့ ထိတယ်လို့  သိလိုက်တာသည် အကျိုး။ ထိလို့  သိတာနော်။ မထိပဲနဲ့သိ ဆိုတာ မလိုက်ပါဘူး။ ရုပ် ၂ခုထိလို့ ပူကနဲ ၊ အေးကနဲ့ လေးများ ခံစားလိုက်ရခြင်းသည် သိ လိုက်ခြင်းပါ။ ဒါကြောင့် ထိတာ အကြောင်း ၊ သိတာက အကျိုးအကြောင်း ပြုလို့  အကျိုးဖြစ်တယ်အကြောင်းပျက်ရင် အကျိုးလည်း ပျက်မှာမို့ ဒါသည်ပင် ခန္ဓာ့အကြောင်းအကျိုး ဆက်စပ်ပုံ ဖြစ်လို့ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်လို့ မှတ်ပါ။ ဒါလေးကိုလည်း ၀င်လေ ထိသိအပေါ် ၀င်ရင်လည်း အကြောင်းအကျိုးခွဲပါ။ ထွက်ရင်လည်း ထိသိလေးအပေါ် အကြောင်းအကျိုး လိုက်ခွဲပေးပါ။
                        ဒါဆိုရင် အရာရာသည် သူဖြစ်ချင်လို့ဖြစ်ပြီး သူပျက်ချင်လို့ပျက်တယ် ဆိုတဲ့ အကြောင်း အကျိုးကင်းပြီးဖြစ်တယ်လို့မြင်ထားတဲ့ အမြင်မှားတွေ နေရာမှာ အရာရာ အကြောင်းရှိလို့အကျိုးပေါ်ရတယ် လို့သိမြင်လာတဲ့ အမြင်မှန်လေးက အစားထိုး နိုင်သွားပြီနော်။ အမြင်မှန်ခြင်းရဲ့ ဒုတိယ ခြေလှမ်း ထပ်လှမ်း နိုင် သွားပါပြီ။ ဒါသည်ပင် တစ်ယောက်ယောက်က ဥုံ ဖြစ်စေဖို့ ဖန်တီး ပြီးဖြစ်ခိုင်းနိုင်တယ်လို့ ယူဆ ထားတဲ့ အယူမှားတွေပါ ရှင်းသွားမှာပါ။ သြော် ဘာတွေ ပဲ ဖြစ်လာဖြစ်လာ အကြောင်းရှိခဲ့လို့ အကျိုးတွေ ဖြစ်ရတယ်လို့ နှလုံးသွင်းတတ် သွားလို့အကြောင်းအကျိုး ဆက်စပ်နိုင်တဲ့ ဥာဏ်လေး ခေါင်းထဲ ရောက်သွားပါပြီ။
             ကဲ နောက်တစ်ခါ တစ်ဆင့်တက်လို့ဒီဝင်လေလေးသည် နှာသီးဖျားကို ထိပြီးရင် မရှိတော့ဘူး ပျက်သွားပြီ။ ထိဆဲသည် အဖြစ် ၊ အကြာကြီး ထိ နေသလား ဆိုတော့ ထိပြီးတာနဲ့  တန်းပျက်သွားပြီ။ ဒါကို မြင်အောင် ကြည့်ပါ။  နောက်ထိသိတစ်စုံ  အစားထိုး ၀င်လာမယ် ထိသိလေး ဖြစ်တယ်၊ ပြီးရင်  ပျက်သွား ပြီနော်။ နောက်တစ်စုံ အစားထိုးချိန်မှာ အဖြစ်၊ ပျောက်ချိန် အပျက်၊ ဒီလို ၀င်လေ ထွက်လေ တွေ့ထိစရာ အကြောင်း နှစ်ပါး တို့က ထိပြီးပျက်သွားကို မြင်နိုင်ခြင်းသည်ပင် မမြဲခြင်း အနိစ္စကို မြင်နိုင်လို့  အမြင်မှန် ခြင်း၏ တတိယ ခြေလှမ်းလှမ်းခြင်းပဲ ဖြစ်ပါတယ် ။ ဒါကြောင့် နှာသီးဖျား ထိသိကို ဖြစ်ပျက်ရှု လို့  နောက်က ထွက်လေ ထိသိဖြစ်ဆဲမှာ ရှေ့က၀င်လေ ထိသိ မရှိတော့ဘူး ၊ ပျက်သွားပြီ ။ ဒီလို ဖြစ်ပြီးပျက်နေတဲ့ သဘောလေးကို  မြင်အောင် ထင်ရှားအောင် ရှုပေးပါ ။
             ဒီထိကတော့ ခန္ဓာဥာဏ်ရောက် အစပိုင်း အသိအားဖြင့် ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ ဖြုတ်ပေးခြင်းပါပဲ။ ရုပ်နာမ်လည်း ခွဲတတ်ပြီ။ ဖြစ်ခြင်း ၊ ပျက်ခြင်းရဲ့ သဘောလည်း မြင်ပြီ။ အကြောင်းအကျိုးလည်း သိပြီ ၊ ဆက်စပ်မှုကိုလည်း မြင်တတ်သွားပြီ။ ဒါတွေသည် အသိအားဖြင့် ၀ိပဿနာလမ်းကို နှာသီးဖျား ထိသိလေး ပေါ်တင်ပြီး မိတ်ဆက်ပေးလိုက်တာပါ။ မိတ်ဆက်ပြီးရင်တော့ အမြင်မှားတွေကို အသိနဲ့ ပယ်ပြီး သွားပြီမို့  အပွားနဲ့ ပယ်မယ့် အဆင့် တက်ရပါမယ်။ ကဲ ဒါဆိုရင် ခန္ဓာဥာဏ်ရောက်ဖို့  ၀ိပဿနာရှု့ကြပါစို့ ။

သမာဓိမှ ၀ိပဿနာ သို့ အမြင်မှန် သိပြီး ကူးပြောင်းခြင်း 

***  ဒီနေရာမှာ အရေးကြီးဆုံးကတော့ ဆရာသမားနဲ့တွေ့လို့ ရှေ့ က ဆရာ ညွှန်ကြားတာကို နောက်က ထပ်ကြာမကွာ လိုက်နာလုပ်နိုင်မယ်ဆိုရင်တော့ အကောင်း ဆုံး နဲ့ အထိရောက်ဆုံးပါပဲ လို့ အကြံပေးပါရစေ။ ၀ိပဿနာရှု့နည်းသည် ညွှန်ကြားပြသမယ့် ဆရာကောင်းမရှိရင် လွယ်ကူသော်လည်း ခက်၏.. ဆရာရှိလျှင် ခက်သော်လည်း လွယ်ကူ၏ လို့ မှတ်ပါနော်။ ဆရာသမားနဲ့ စနစ်တကျ သင်ပြခံရမှ ခန္ဓာဥာဏ်ရောက် ထုပ်ချင်း ပေါက်လွယ်ပါမယ်။ *** ဆရာမပြ နည်းမကျ ဖြစ်တတ်ပါတယ်။
            ကဲ ကူးပြောင်းပုံလေး ပြောပြပါမယ်။ “တရားရှာ ကိုယ်မှာတွေ့" ဆိုတဲ့ အတိုင်း မိမိခန္ဓာထဲက တရားတွေကို ထင်ထင်ရှားရှား မြင်နိုင်စေဖို့ မတ်တပ်ရပ်၍ ရှု့ခြင်းက ပိုပြီး ထိရောက်ပါတယ်။ ဒါကြောင့် မတ်တပ်ရပ်လိုက်ပါ။ နှာသီးဖျား ထိသိ သမာဓိလေးကို အရင်အစပျိုး အနေနဲ့  ထူထောင်ပါ။ (၁၀)မိနစ် လောက်ပေါ့ ။ ပြီးရင် နှာသီးဖျား ၀င်လေ ထွက်လေလေး ရဲ့ ဖြစ်ခြင်း ပျက်ခြင်းကို မြင်အောင်ကြည့်ပြီး “ မမြဲ ၊ မမြဲ " လို့ ၁၅ မိနစ်လောက် ရှု့နေပေးပါ။ ဒါလေး အရှိန်ရလာရင်တော့ စိတ်ကို နှာသီးဖျားမှာ မထားတော့ပဲ ငယ်ထိပ်ကို ရွေ့ ပြီးထားလိုက်ပါ။ ဒင်္ဂါးတစ်ဝိုင်းစာရှိတဲ့ ငယ်ထိပ်မှာ စိတ်စိုက်ထားပါ။ သမာဓိအားကောင်းရင် ကောင်းသလို ဒီငယ်ထိပ်လေးကို စိုက်ကြည့်နေရာက မကြာမီမှာပဲ တင်းလာသလို၊ နွေးလာသလို၊ အေးလာသလို၊ လေးလေးကြီး ဖြစ်နေသလို တွေ့ ရပါမယ်။ ဒါကိုလည်း သတိနဲ့ သိအောင်စောင့်ကြည့်သာ နေပါ။ အဲဒီ အချိန် မှာ စိတ်ပျံ့လွင့်လို့ မရပါဘူး။ ဒီလို စူးစူးစိုက်စိုက်နဲ့ ပေါ်လာတဲ့ သဘောလေးကို သမာဓိ မှန်ပြောင်းနဲ့ ကြည့်တဲ့အခါ လှုပ်လှုပ်ရွရွ ၊ ပွပွကြွ ကြွ နဲ့ လည်နေသလို ၊ ဖြုတ်ဖြုတ်လေးလိုလို ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ လိုလိုပေါ်လာပါမယ်။ ဒါလေးကို ဥာဏ်မျက်လုံးနဲ့ ကြည့်ရင်း တစ်စတစ်စ ကျယ်ပြန့် ပြီး ခေါင်းတစ်ခေါင်းလုံးကို ချဲ့၍ကြည့်နေပါ။ တစ်ခေါင်းလုံးမှာ ဒီလှုပ်လှုပ်၊ တဖြုတ်ဖြုတ်လေးတွေ ပွားပြီး ပြည့်နေတာ တွေ့ရမယ်။ အဲဒီကနေ လည်ပင်း အတွင်း ဥာဏ်နဲ့ချဲ့ကြည့်လိုက်ပါ။ ဒီလှုပ်လှုပ် တဖြုတ်ဖြုတ်လေးတွေဟာ လည်ပင်း အနှံ့ ပျံ့နှံ့နေပြီး ပြည့်သွားပြီနော်။ အဲဒီတစ်ဆင့် လက်မောင်း တစ်ဘက် တစ်ချက်စီထဲ ဥာဏ်သွင်းပြီး ဖြန့်ရှု့ပေးပါ။
                         လက်မောင်းပြီး ရင်ခေါင်း၊ ၀မ်းခေါင်း၊ ပေါင်တွင်း၊ ခြေသလုံးအတွင်း၊ ခြေဖ၀ါး အတွင်းဥာဏ်နဲ့ထိုးဖောက်လို့ချဲ့ကြည့်သွားတဲ့အခါ တစ်ကိုယ်လုံးမှာ ပရမတ် ရုပ်၊ နာမ် ဖြုတ်ဖြုတ်လေးတွေ သည် ထင်ရှားသည်ထက် ထင်ရှားလာပြီး ခန္ဓာအတွင်းရော အပြင်မှာပါ အပ်ချစရာ နေရာ လေးတောင် မကျန်အောင် ကျယ်ပြန့် သွားပါတယ်။ ဒီနေရာမှာ အဓိက ခွဲမှတ် ထားရမှာက ခန္ဓာကိုယ် ခေါင်း၊ ခါး၊ ခြေ၊ လက် စသဖြင့် ပုံသဏ္ဌာန်တွေကို ပညတ်လို့ မြင်ပြီး ဒါသည် အပေါ်ယံ ပညတ်အလွှာ တစ်လွှာပဲလို့မှတ်ပါ။ အခုမြင်နေရတဲ့ အထဲက လှုပ်လှုပ်ဖြုတ်ဖြုတ်တွေသည် ပရမတ်သားတွေလို့ ခွဲခြားသိပါ။
                        အခုလို ရှု့မှတ်ရင်းက ဥာဏ်အမြင် အားကောင်းလာလို့ ပရမတ် ရုပ်၊ နာမ်တွေရဲ့ ဖြစ်ခြင်း ၊ ပျက်ခြင်းတွေကို အားကောင်းစွာ မြင်နိုင်လာရင် ပညတ်တွေ အလိုလို ပျောက်လို့  ပရမတ်တရားတွေကိုသာ တွေ့ ရမှာပါ။ ဒါကြောင့် စရှု့ခါစမှာ ပညတ်ကြီး တွဲပါနေလို့ စိတ်ပျက်စရာ မလိုပါဘူး။ ဇွဲကောင်းကောင်းနဲ့ သတိထားပြီး ပရမတ် တရားတွေကို ရှု့မှတ်ပေးပါ
                        အင်တိုက်အားတိုက် ရှုမှတ်ရင်းက ပညတ်တွေ ဘယ်အချိန်တုန်းက ဘယ်လို ပျောက်သွား ပါလိမ့်လို့တောင် ထင်ရအောင် ပညတ်ကွယ်ပျောက်လို့ ပရမတ်ပေါက်စေမယ့် ဥာဏ်မျိုးကို ရလာပါလိမ့်မယ်။ ဒါဆိုရင်တော့ နိဗ္ဗာန်သွားမြေပုံလေး လက်ထဲရောက်သွားပါပြီ။ ဒါသည် “အမြင်မှန်မှ နိဗ္ဗာန်ရ" ဆိုသလို ဒီပရမတ်သား စစ်စစ်နဲ့တွေ့ခွင့် ရသွားရင်တော့ နိဗ္ဗာန်သွားဖို့ လက်မှတ်ရသွားပြီလို့မှတ်လိုက်ပါတော့။
                        ဒီ လက်မှတ်လေးကို ကိုင်လို့ မဂ္ဂင် ရထားကြီးစီးပြီး ဥာဏ်စဉ်မှတ်တိုင်တွေ တစ်တိုင်ပြီး တစ်တိုင် ကျော်ဖြတ်လို့ နိဗ္ဗာန်စခန်းကို တန်းရောက်သွားမှာ ဖြစ်လို့ ဒီပရမတ်တရားကို ခန္ဓာဥာဏ် ရောက်လို့  ကိုယ်ပိုင်ဥာဏ်နဲ့ မြင်ခွင့်ရမှ စိတ်ချရပါမယ်။ ဒါသည်ပင် “ သမ္မာဒိဋ္ဌိ " အမြင်မှန်နဲ့တွေ့ပြီမို့ သူနဲ့ အပေါင်း အဖော်တွေ(၄)ယောက်က တတွဲထဲ ပါလာပြီးသားမို့ မဂ္ဂင်(၅)ပါး ပြည့်စုံစွာ အလုပ်လုပ်နေပါပြီ။ ဒီမဂ္ဂင် အဖော် တွေနဲ့အတူ ကြိုးကြိုးစားစား ရှု့မှတ်ပွားများလို့ နိဗ္ဗာန် စခန်းကြီးဆီသို့ အရောက်သွားနိုင်ဖို့ လက်မှတ်မြန်မြန် ဖြတ်ကြပါစို့လို့ တိုက်တွန်းရင်းနဲ့ပဲ မိမိနားလည်ထားသော ကျင့်စဉ်လေးကို အနှစ်ချုပ် ဝေငှဖော်ပြလိုက်ရပါ တော့သည်။
“သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ် ကမ္ဘာတည်စေသော်”

0 comments:

Post a Comment