Popular Posts

Saturday, July 20, 2013

" အဂါရ၀ ဖြစ်စေသောအပြုအမူများ သတိထားပါ "


ကြားဖူးသမျှ ဖြစ်ရပ်မှန်ကလေးများအား စုပေါင်း၍ ဦးစွာတင်ပြလိုပါသည်။
(၁)
"ဘုန်းဘုန်း ဘုရား- ဘုန်းဘုန်းဘုရား- ထ ပါဦးဘုရား"
"ဟေ့ ဘယ်သူတွေတုံး"
"တပည့်တော် တို့ ဘုရား ၊ ဦးသန်းထွန်းတို့ပါဘုရား"
အချိန်က နံနက်(၄း၃၀) ခန့်၊ အသက်(၄၀)ကျော်ရှိ လူတစ်ဦးနှင့်အဖော်တစ်ဦးတို့ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ကျောင်းရှေ့တွင် သံဃာတော်များအား အော်နှိုးနေခြင်းဖြစ်ပါ၏။
ကျောင်းထိုင်ဆရာတော်ကြီးမှာ ကျောင်းအပေါ်ထပ်တွင် ဘုရားဝတ်ပြုပြီးခါစ ရှိဟန်တူသည်။ဦးဇင်းကြီး တစ်ပါး က တံခါး လာဖွင့်ပေးသည်။
"ဆရာတော် နှိုးပြီလား ဘုရာ့"
"နိုးပြီ ဒကာကြီး"
"ဆရာတော် ဘုရား၊ ဆရာတော် ဘုရား၊ တပည့်တော် ဆွမ်းစား လာပင့်တာပါ ဘုရား"
"အိမ်း- ဘယ်တော့လဲကွဲ့"
"အခုပါ ဘုရား"
"ဟေ"
"တပည့်တော် တို့ကို အပင့်ခိုင်းတာ ပြီးခဲ့တဲ့ အပတ် ကတည်းကဘုရား၊တပည့်တော် လည်း ဝေးသေးလို့နီးမှ ပင့်မယ် ဆိုပြီးနေတာ၊ တစ်ခါ အလုပ်တွေကများနေပြန်တော့ သူပင့်ပြီးသလို၊ ငါပင့်ပြီးသလို နဲ့ ရော ကုန်ပြီး မပင့်ဖြစ်ခဲ့တာဘုရား။
အခု အလှူရှင်တွေက အိမ်မှာစောင့်နေကြပြီမို့ သူတို့ မသိခင် အချိန်မီ လာပင့်ရတာပါ ဘုရား။
အရှင်ဘုရားနဲ့ နောက်ထပ် လေးပါး၊ ပေါင်းငါးပါး ပါ ဘုရား။ သင်္ကန်းရုံပါတော့ဘုရား"
"တယ်ခက်ပါလား ဒကာကြီး၊ အခု ဦးဇင်းတို့မလိုက်နိုင်ရင်……."
"တပည့်တော် အပြစ်တွေပါဘုရား၊ ပြီးမှ ရိုက်နှက်ဆုံးမ လည်းခံပါ့မယ် ဘုရား၊
အလှူရှင်က အင်မတန် တိကျတဲ့သူမို့ လူပုံအလယ်မှာ အားလုံးအရှက်ကွဲမှာ ဘုရား၊ ဆူချင်ရင်လဲ လမ်းမှာသာ ပြောဆိုပါဘုရား၊ ခု တော့ သွားကြရအောင် ဘုရား"
ဆရာ နှင့်ဒကာ အလွန်ရင်းနှီးခဲ့သည်မို့ မပြောသာ၊မဆိုသာ။
ပြီးမှ နာနာနှက်မည်ဟုဆိုပြီး ဆရာတော် အပါအ၀င် သံဃာတော်ငါးပါး အမြန် သင်္ကန်းရုံ၊ လက်ကန်တော့ထိုးကာ အစီအရီ ထွက်လာခဲ့ကြပါတော့သည်။
လာပင့်သည့် ဒကာကြီး ဦးသန်းထွန်းမှာ ဇောချွေးတွေပြန်လျက်။ ဆရာတော်ကြီးမှာလည်း သက်တော်ကြီးနေပြီဖြစ်၍ လမ်းမြန်မြန်လျှောက်ရသည့်ဒုက္ခကြောင့် မောဟိုက်နေပေပြီ။
သို့ဖြင့် အလှူအိမ်ရှေ့ မြောင်ကူးတံတားအပေါ် အရောက် ရှေ့ဆုံးမှ ဆရာတော် ၏ တုံ့ကနဲ ရပ်လိုက်မှုကြောင့် နောက်ပါ သံဃာများလည်း ရပ်လိုက်ကြရ၏။ ပြီးမှ ဆရာတော် က-
"ဒကာကြီး နေဦး၊ ဒီအိမ်က ဘာ အတွက် ဆွမ်းကျွေးတာလဲ၊
မွေးနေ့ လား၊ အသုဘ လား၊ အလှူသက်သက် လား၊ တော်ကြာ တစ်လွဲတွေ မှားရွတ်မိရင်မှ ဖြင့်"
"တစ်ခု မှ မဟုတ်ဘူး ဘုရာ့ ၊ အိမ်တက် နဲ့ ဘုရားအနေကဇာတင် ဘုရား ၊ မြန် မြန် ဘုရား"
"အိမ်း-ဒုက္ခ ဒုက္ခ"
(၂)
အလွန်ရင်းနှီး လှသော မိတ်ဆွေတစ်ဦးက သံဃာတော်များအား အရုဏ်ဆွမ်း မုန့်ဟင်းခါး ကပ်မည် ဟု ဖိတ်ကြားသောကြောင့် အဆိုပါအိမ်သို့ ရောက်ရှိနေခဲ့ပါသည်။ ပြင်ဆင်စရာရှိသည်များ လိုအပ်သည်များ ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးရင်းဖြင့် အနီးရှိ အလှူရှင် မိတ်ဆွေ ကို-
"သံဃာတော် တွေ သွားပင့်ခိုင်းလိုက်ပြီလား"ဟု မေးရာ-
"လွှတ်စရာမလိုဘူး လုံမ ရဲ့၊ ရန်ကင်း က ဘုန်းကြီးတွေ ပင့်ထားတာ၊ ဒီရောက်မှ ငှားလာတဲ့ ကား ကို အသွားအပြန်ဖိုး ရှင်းပေးရမှာ "
"သြော်" ။ မိမိ အတော် အံ့သြသွားမိပါ၏။ ခေတ်သစ် ဘုန်းကြီးပင့်နည်း များလားဟုလည်းတွေးနေမိပါသည်။သို့ဖြင့်-
"ထားပါတော့ မုန့်ဖတ်တွေ မရောက်သေးဘူးလား ၊တစ်ခါထဲ ပြင်ဆင်လိုက်ရအောင်လေ"
"မုန့်ဖတ်တွေက လည်း အဲဒီ ဘုန်းကြီးတွေနဲ့ပဲ ပါလာမှာ၊ မုန့်ဟင်းခါးဖို က မုန့်ဖတ် တွေပါ တစ်ခါတည်းဝင်ယူခိုင်းလိုက်ပြီး တင်လာခိုင်းလိုက်တယ်။ ဘုန်းကြီး ကို မုန့်ဖတ်ဘောင်ချာ ပါ တစ်ခါတည်း ပေးထားခဲ့ပြီးသားလေ"
"ဟာ"
သညိတစ်ခါတော့ အံ့သြရုံတင် မကတော့ပါ။ တုန်လှုပ်ခြောက်ခြား၊ ထိတ်လန့်ခဲ့ရပါ၏။ ကုန်ကျမည့် ကား ခများအတွက် စီးပွားရေးတွက် တွက် ခါ တစ်ပြိုင်နက်ထဲ လုပ်လိုက်ခြင်းပါပေကလား။
(၃)
အန္တရာယ်ကင်း ဆွမ်းကျွေးပရိတ်နာ အလှူတစ်ခုတွင်ဖြစ်ခဲ့သည်ဟုဆိုပါသည်။အလှူရှင် က နီးရာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်(၅)ပါးကို ဆွမ်းကျွေးရက် မတိုင်မီ(၃)ရက် ခန့် ကြိုတင် ပင့်ဖိတ် လျှောက်ထားပြီးဖြစ်ပါ၏။
သို့သော် ဆွမ်းကျွေးရက် ရောက်သည့်နေ့တွင်မူ မည်သူမျှ သံဃာတော်များအား အကြို လာမထောက်ကြပါ။ နေ့ဆွမ်းကပ်မည် ဆိုသဖြင့် သံဃာတော်များ က နာရီ တကြည့်ကြည့်ဖြင့် စောင့်နေရှာသော်လည်း တစ်ဦး မျှ ရောက်မလာ။
ဆွမ်းကျွေးမည့်အိမ်မှာ ဆရာရင်း၊ဒကာ ရင်းဖြစ်သဖြင့် ကိုယ်တိုင်ကြွလာသည်ကို စောင့်နေကြတာပဲဖြစ်မှာ ဟု တွေးယူကာ (အိမ်လည်း သိနေသဖြင့်) မွန်းမတည့်မီ အရောက်ကြွသွားလိုက်ကြပါ၏။
အိမ်ရှေ့ရောက်သော် အဆိုပါ ဆွမ်းပင့်ဖိတ်သူ အလှူရှင်ဒကာမ ကြီးသည် ဆောင့်ကြောင့်ထိုင်ကာ ပြောင်းဖူးဖက်ဆေးလိပ်ကြီး ဖွာ၍-
"မဖြစ်တော့ဘူး ဘုရား" ဟု မျက်နှာပြောင်တိုက် လျှောက်ထားပါလေ၏။
မနေ့က မှ သမီးဖြစ်သူများ နှင့်စကားများရန်ဖြစ်ကြကာ သမီးဖြစ်သူတွေက လည်း အိမ်မှ ဆင်းသွားကြကြောင်း။
ခင်ပွန်း နှင့်လည်း အကြီးအကျယ် ခိုက်ရန်ဖြစ်ပွားခဲ့၍ အိမ်ပေါ်မှ နှင်ချထားကြောင်း။ ယခု သူ နှင့်ဇာတ်လမ်းရှင်းရန် ခဏ လာစောင့်နေတာဖြစ်ကြောင်း ရှင်းပြပါတော့၏။
ထိုနေ့အတွက် သံဃာတော်များ ဆွမ်းကိစ္စ ကသိကအောက် ဖြစ်ခဲ့ကြရပါသည်။ ဆိုးဝါးလှပေစွ။
(၄)
ရဟန်းသံဃာတော်များ နှင့် လူပုဂ္ဂိုလ် တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေကြသည်မှာမှန်ပါ၏။သာသနာတော်အတွက် အရးကြီးသော ပစ္စည်း(၄)ပါး-(ဆွမ်း၊ဆေး၊သင်္ကန်း၊ကျောင်း)ကို လူပုဂ္ဂိုလ် တို့က တာဝန်ယူကြ၏။
ထို့အတူ လောကီ ရေးရာ၊လောကုတ္တရာရေးရာ အသိဉာဏ်ပညာ တိုးပွားဖို့၊ ကောင်းမှုချမ်းသာ ရစေဖို့၊ နိဗ္ဗာန် သို့ မျက်မှောက်ပြုနိုင်ရန် သွန်သင်ဆုံးမ လမ်းညွှန်ဖို့၊ သာသနာတော်ကြီးတိုးတက် ထွန်းကားပြန့်ပွားဖို့ သံဃာတော်များ ဖက်မှ တာဝန်ယူကြရပါ၏။
ပရမတ္တသံဃာ နှင့် သမုတိသံဃာ နှစ်မျိုးရှိသည့် အနက် သမုတိသံဃာ မှာမူကား (၁)ကမ္မ၀ါ အာဏာစက်ဖြင့်ပေးထားသော သိက္ခာ ရှိပါ၏။ (၂) ရဟန္တာ ၏ တံခွန်အောင်လံ ဖြစ်သော သင်္ကန်းကို ၀တ်ထား၏။
ဤအင်္ဂါ နှစ်ရပ်အရ ကောင်းစွာကျင့်သော သုပ္ပဋိပန္န ဂုဏ်မြောက်ပြီး အရိယာသံဃာ ဂိုဏ်းဝင်ဖြစ်သောကြောင့် လူတို့ ရှိခိုးရပါ၏။ ရှိခိုးခြင်း ကိုလည်း ခံယူ ထိုက်၏။
ထို့ကြောင့် သံဃာတော်များအား အဂါရ၀ဖြစ်စေသော အပြုအမူများကို လူပုဂ္ဂိုလ် တို့ သည် လုံးဝ ရှောင်ကြဉ်သင့်ပါ၏။
သံဃာတော် များက လည်း ဒကာ-ဒကာမ တို့၏ အလိုကိုမလိုက်ဘဲ ဒကာ-ဒကာမ မျက်နှာထက်-အာဏာဒေသနာအဖြစ် ၀ိနည်းတော်မြတ်ကိုချမှတ်ပေးခဲ့သော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ မျက်နှာတော်ကို ပို၍ထောက်ထားရစေလိုပါပြီ။
ကောင်းမှုပဲလုပ်လုပ်၊ မကောင်းမှုပဲ လုပ်လုပ်၊ ရှေ့ဆောင်ဦးရွက် ပြုလုပ်လိုက်သည်မှာ "စိတ်"ပင်ဖြစ်ပါ၏။
ဗုဒ္ဓမြတ်စွာဘုရားရှင်က"စိတ္တံ ဒန္တံ သုခါဝဟံ"ဟု ဟောကြားဆုံးမခဲ့သည် မဟုတ်ပါလား။
စိတ္တံ= စိတ် ကို
ဒန္တံ=ယဉ်ကျေးအောင် ဆုံးမ နိုင်ခဲ့သော်
သုခါဝဟံ=ချမ်းသာခြင်းသို့ ရောက်မည် ဖြစ်ပါ၏။
ဤကား အမျိုးဘာသာ သာသနာ မကွယ်ပျောက်ရေး အတွက်ကျင့်စဉ်မှန်ပင်ဖြစ်ပါတော့သည်။

0 comments:

Post a Comment