တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ
ဟောခန်းအတွင်းသို့ အသက်အရွယ် အားဖြင့် (၅၀) ကျော်လောက်ရှိသော ဦးမိုးဟု
အမည်ရသော ကျွန်ုပ်နှင့် မိတ်ရင်းဆွေရင်းများပမာ လွန်စွာရင်းနှီးသော
လူကြီးတစ်ဦးသည် ကျွတ်ကျွတ်အိပ်ဖြင့် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို ဆွဲကာ
ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ ၀င်ရောက်လာလေတော့၏။ ၎င်းဦးမိုးသည်
အခန်းတွင်းသို့ ရောက်လျှင် ဘုရားရှင်အား ၀တ်ပြုပြီးနောက်
ကျွန်ုပ်ဘက်သို့လှည့်ကာ “ ဆရာရေ... မြန်မာပြည်ကို ပြန်သွားတာ။ တစ်လလောက်
နေခဲ့တယ်။ အဲဒါ ပြန်လာတော့ ဆရာလေးအတွက် လက်ဆောင်ယူလာပြီး လာပေးတာ”ဟု
ပြောဆို နှုတ်ဆက်လေတော့၏။
ထိုအခါ ကျွန်ုပ်က “ ဟာ
... ဦးမိုးတို့ မြန်မာပြည်ကို ပြန်သွားတာ ကံကောင်းတာပေါ့ဗျာ။
ကျွန်တော့်တောင် အသိမပေးဘူး၊ ဘာလဲ အပြီးပြန်တာလား၊ ခန ပြန်တာလား။ ဘာလို့
ထိုင်းနိုင်ငံကို ပြန်တက်လာခဲ့တာလဲ။ မြန်မာပြည်ကို ပြန်မယ့်ပြန်တော့လည်း
အပြီးပြန်ရောပေါ့ဗျာ။ သူများနိုင်ငံကို တစ်ခေါက်ပြန်လာရ သေးတယ်လို့။
ကျွန်တော်တို့ကတော့ မပြန်ရင်တော့ မပြန်ဘူးဗျို့၊ ပြန်ပြီးဆိုရင်တော့
တစ်ခါတည်းကို ပြန်လိုက်မှာ။ လုံးဝကို နောက်ကြောင်း ပြန်မလှည့်တော့ဘူး။
ပြီးတော့
အခုအချိန် ပြန်ရတာလည်း အရမ်း ကောင်းတာပဲဗျ။ ကျုပ်တို့ ရွှေနိုင်ငံကြီးကလည်း
အရင်တုန်းကနဲ့ လုံးဝ မတူတော့ဘူး။ အပြောင်းအလဲကြီး ပြောင်းလဲနေကြပြီ
ဆိုသကိုး။ နေ့တိုင်းလည်း တိုးတက်နေတဲ့ သတင်းတွေကလည်း မရိုးနိုင်အောင်
မြင်တွေ့ကြားသိ နေရတာကိုး။ ကျွန်တော်ဖြင့် ကိုယ့်နိုင်ငံအတွက် ၀မ်းသာလှဗျာ။
ဦးမိုးက မြန်မာပြည်ကို ပြန်လိုက်ရတော့ မျက်မြင်ကိုယ်တွေ့ ဖြစ်လာတာဆိုတော့
ပြောပြပါဦး ဗျာဟု ကျွန်ုပ်က ၀မ်းသာအားရ လေသံဖြင့် မေးလိုက်လေတော့၏။
ဟုတ်ပါတယ်
ဆရာလေး။ အပြောင်းအလဲတွေကတော့ ပြောမဆုံးပေါင်-တောသုံးထောင်လို့ ပြောရမယ်။
တော်တော်ကြီးကို ပြောင်းလဲသွားတာပါ။ ဒီနေရာမှာ အပြောင်းအလဲက
နှစ်မျိုးရှိတာပေါ့။ တစ်ခုက သိသိသာသာ ပြောင်းလဲလာတာ၊ အခုချက်ချင်း
မျက်မြင်ကိုယ်တွေ့ ပြောင်းလဲတာ။ နောက်တစ်ခုကြတော့ မှန်းဆကြည့်ရတာ။
လက်ရှိအနေနဲ့ကတော့ ဘာမှ မမြင်ရသေးဘူးပေါ့။ ဒါပေမယ့် တစ်နေ့နေ့
တစ်ချိန်ချိန်ကြရင် အရမ်း သိသိသာသာ ပြောင်းလဲလာမှာကို မှန်းဆကြည့်လိုက်ရင်
သိရတယ်။ ဥပမာ ထားဝယ်ရေနက် ဆိပ်ကမ်းလိုမျိုးပေါ့။ အခုလောလောဆယ်
သွားကြည့်ရင်တော့ လုပ်ငန်းခွင်တွေ စီမံကိန်းတွေကိုပဲ တွေ့မြင်ရမှာပေါ့။
ဒါပေမယ့် နောင်တစ်ချိန်ကို တွေးကြည့်လိုက်ရင် ဒီဒေသဟာ အဆမတန်ကို တိုးတက်
ပြောင်းလဲသွားမှာပဲ မဟုတ်လား ဆရာလေးရယ်ဟု ပြောလေ၏။
ထို့နောက်
ဦးမိုးက ဆက်လက်၍ “အပြောင်းအလဲတွေကတော့ ခုနက ပြောသလို တော်တော်များပါတယ်။
ကျန်းမာရေး ပညာရေး ဆက်သွယ်ရေး အလုပ်အကိုင်နဲ့ လွပ်လတ်မှု့
တော်တော်များများကြီးကို ပြောင်းလဲနေပါတယ်။ နောက် လူတွေတော်တော်များများ
ကလည်း အရင်တုန်းကလို တစ်စုံတစ်ရာကို ကြောက်ရွံနေတဲ့ ထိပ်လန့်နေတဲ့
ပုံမျိုးတွေ သိတ်မတွေ့ရတော့ဘူး။ စကားပြောတဲ့ အခါမှာ သိတ်သိသာတယ်။
လွတ်လွတ်လတ်လတ် နိုင်ငံရေးအကြောင်းတွေကို ပြောဆိုနေကြတာကို မြင်ခဲ့ရတယ်။
အခုနဲ့
အရင်နဲ့က တော်တော်လေး ကွာခြားပါတယ်။ ဥပမာဆရာလေးရယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က
ဖုံးတစ်လုံးကိုင်ဖို့ဆိုတာ သိန်း ၃၀လောက်မှ ကိုင်နိုင်တာ။ အခုဆိုရင် ၅
-သိန်း လောက်ဆို ကိုင်နိုင်ပြီ။ အခု (၅၀၀၀) ကျပ်လောက်နဲ့ တောင်
ဖုံးကိုင်နိုင်တော့မယ် လို့တောင် ပြောနေကြတယ်။ ဖြစ်ပါစေလို့ ဆုတောင်းရမှာ
ပဲ။ ဒါမှ ကျွန်တော်တို့လို အောက်ခြေလူတန်းစားတွေ ကိုင်နိုင်မှာ ဆရာလေးရဲ။
နောက်ပြီး ကားကိုလည်း ကြည့်ဦးမလား။ အရင်တုန်းက ကားတစ်စီးစီးနိုင်ဖို့အတွက်
အိပ်မက်တောင် မမက်ရဲတာ။ အခုဆိုရင် သိန်းတစ်ရာ ပတ်ဝန်းကျင်လောက်ရှိရင်
ကားစီးနိုင်ပြီ ဆရာလေးရဲ့။ အခုဆိုရင် အကြွေးစနစ်တွေတောင် စနေပြီလို့
ဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။
နောက် ၀မ်းသာစရာတစ်ခု ရှိသေးတယ်
ဆရာလေးရဲ့။ မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံလို ATM ဘဏ်ကဒ်တွေ
သုံးတော့မယ်လို့ ပြောကြတယ်။ အဲဒါဆိုရင်လည်း ကောင်းတာပဲ။ ဘယ်သွားသွား
ပိုက်ဆံတွေ တထပ်ကြီးကိုင် သွားစရာ မလိုတော့ဘူးပေါ့ ဆရာလေးရာ။
နောက်တစ်ခုလည်း ရှိသေးတယ်။ ဖားအံတို့ မြ၀တီတို့မှာလည်း စက်မှု့ဇုန်တွေ
တည်ဆောက်မယ်လို့ ပြောတယ်။ ဒါဆိုရင် ကျွန်တော်တို့ ထိုင်းနိုင်ငံကို
ရောက်နေကြတဲ့ မြန်မာပြည်ဖွား ရွေ့ပြောင်းအလုပ်သမားတွေ လုပ်စရာအလုပ်တွေ
ပေါပေါက်လာတော့ ကိုယ့်မြေကိုယ့်ရေမှာ အေးအေးချမ်းချမ်း အလုပ်ပြန်လုပ်ရမှာ
ဖြစ်လေတော့ ဘာပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့ အခြေအနေတွေ မဟုတ်ပါလားဟု
ပြောပြလေတော့၏။
ထို့နောက် ဦးမိုးက “ အားလုံးက သိသာ မြင်သာတဲ့
ထင်သာတဲ့ အပြောင်းအလဲတွေကို ပြောင်းလဲတာ အရမ်းကောင်းသလို တစ်ဖက်ကလည်း
အရမ်းအရေးကြီးတဲ့ မဖြစ်မနေ ပြောင်းလဲပစ်ရမယ့် အပြောင်းအလဲ တစ်ခုကိုလည်း
ပြောင်းလဲနိုင်အောင် ကြိုးစားသင့်တယ် ဟု ဆက်လက်ပြောလေတော့၏။ ထိုအခါ
ကျွန်ုပ်က ဘာလဲဗျ။ အရမ်းအရေးကြီးတဲ့ မဖြစ်မနေ ပြောင်းလဲရမယ့် အရာဆိုတာ။
ဘာလဲ ပြောစမ်းပါဦးဟု ဦးမိုးအား မေးလိုက်လေရာ ဦးမိုးက အောက်ပါအတိုင်း
ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေတော့၏။
စိတ်ဓာတ်ပေါ့ ဆရာလေးရယ်၊ စိတ်ဓာတ်ပေါ့
ထိုအခါ ကျွန်ုပ်က “ စိတ်ဓာတ်က ဘာဖြစ်လို့လည်း ဦးမိုးရယ်” ဟု ပြန်မေးလိုက်လေလျှင်
အော်...
ဆရာကလည်း ကျွန်တော်တို့ မြန်မာလူမျိုးအားလုံးရဲ့ အောက်ကျတဲ့ ၊
ရေသာခိုချင်တဲ့၊ အချောင်လိုချင်တဲ့၊ သိမ်ငယ်နေတဲ့၊ ခိုကပ်ချင်တဲ့၊
ကိုယ့်ကိုကို ယုံကြည်ချက်မရှိတဲ့ အောက်ကျနောက်ကျ စိတ်ဓာတ်တွေကို ပြင်ဖို့
အရမ်းအရေးကြီးတာပေါ့။ အဲဒါကလည်း ဆရာ စဉ်းစားကြည့်ပါဦး။ နှစ်ပေါင်းများစွာ
အကြောင်းအရာ အမျိုးမျိုးကြောင့် ဖိနှိပ်မှု့ အမျိုးမျိုးကြောင့်
မပြည့်စုံမှု့ အမျိုးမျိုးကြောင့် အောက်ကျနောက်ကျ ဖြစ်နေတဲ့ စိတ်ဓာတ်တွေလေ
ဆရာ။ အရာရာကို သိမ်ငယ်တဲ့ စိတ်တွေနဲ့ မသွားရဲ မလာရဲ မပြောရဲ မဆိုရဲတဲ့
စိတ်ဓာတ်တွေကို ပြုပြင်ရမယ်။ နောက်တစ်ခုက ရေသာခိုချင်တဲ့ စိတ်ဓာတ်တွေကို
ပြင်ရမယ်။
နောက်တစ်ခု က ဘယ်အရာကိုမဆို တာဝန်မယူရဲတဲ့
ခေါင်းရှောင်တတ်တဲ့ စိတ်ဓာတ်မျိုးတွေကို ပြုပြင်ရမယ်။ နောက်တစ်ခုက ဘ၀မှာ
ဘာမှ ကိုယ်ရဲ့ ကြိုးစားအားထုပ်မှု့ မပါဘဲ အချောင်လိုချင်တဲ့ စိတ်ဓာတ်တွေကို
ပြုပြင်ရမယ်။ ဒါမှ လောင်းကစားတွေ တော်တော်များများ ပပျောက်သွားမှာ။ လာဘ်ပေး
လ်ာဘ်ယူမှု့တွေ ပျောက်ကွယ်သွားမယ်။ အခုတော့ နှလုံး-သုံးလုံးကြောင့်
ဘ၀ပျက်ကြတာ အများကြီး မြန်မာပြည်မှာ တွေ့ခဲ့ရတယ်။ အရမ်း အရေးကြီးတာက
အချိန်ဖြုန်းတာပဲ။ နေ့စဉ်နေ့တိုင်း လူတွေ တော်တော်များများ လဘက်ရည်ဆိုင်တွေ
အရက်ဆိုင်တွေမှာ အချိန်တွေ အဆမတန် ဖြုန်းနေကြတယ်။ အဲဒါတွေပြု ပြင်ပစ်ရမယ်။
ဒါတွေက လူသားတိုင်း ကိုယ်တိုင် လုပ်ဆောင်ရမယ့် အရာတွေ ဖြစ်တယ်။
ထိုအခါ
ကျွန်ုပ်က အင်း ဦးမိုးပြောမှပဲ အကြောင်းအရာတစ်ခုကို ပြန်ပြီး
အမှတ်ရမိတယ်ဗျ။ အခု ဦးမိုး တွေးတောသလို စဉ်းစားသလို လွန်ခဲ့တဲ့ခရာဇ်နှစ်
-၁၉၂၀ ခုနှစ် အချိန်တုန်းက နာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေ တွေးတော
စဉ်းစားခဲ့ဘူးတယ်ဗျ။ ကြိုးစားအားထုပ် ခဲ့ဘူးတယ်ဗျ။ ကိုယ့်မြန်မာနိုင်ငံတော်
တိုးတက်ဖွံ့ဖြိုးဖို့ ၊ မြန်မာလူမျိုးတိုင်း ကြီးပွားချမ်းသာရေးကို
လိုလားတဲ့ စိတ်ဓာတ်မျိုးတွေ ကိန်းအောင်းလာအောင် ၊ နောက် ကိုယ့်
မြန်မာအမျိုးသားတိုင်း ပျော့ညံ့တဲ့ စိတ်ဓာတ်တွေ ၊ သိမ်ငယ်တဲ့
စိတ်ဓာတ်တွေကို ဖယ်ရှားပြီး ခိုင်မာတဲ့ တည်ကြည်တဲ့ တက်ကြွတဲ့ စိတ်ဓာတ်တွေ
မွေးမြူလာဖို့အတွက် အရမ်းအရေးကြီးတယ် ဆိုတာကို တွေးမိတယ်ဗျ။ ဒီကိစ္စဟာ
အရမ်းလည်း အရေးကြီးတယ်လို့ တွေးမိတာကိုး။ ဒါကြောင့် မြန်မြန် အကောင်အထည်
ဖော်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီ ပုဂ္ဂိုလ်ကြီးရဲ့ အမည်က ဦးဖြိုး
လို့ ခေါ်တယ်။
ဦးဖြိုးဆိုတာက ခရာဇ်သက္ကရာဇ် (၁၉၂၀) ခုနှစ်က ပညာအလင်းပြ
စာပေတိုက်ကို စတင်တည်ထောင်ခဲ့တဲ့ ပညာအလင်းပြဖခင်ကြီး ဖြစ်တယ်။
ဆရာဖြိုးလို့ ထင်ရှားတယ်။ ခုနကပြောသလို ပညာအလင်းပြ ဖခင်ကြီး ဆရာဖြိုးက
အဲဒီလိုစဉ်းစားမိပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တိုးတက်ကြီးပွားလိုတဲ့
စိတ်နဲ့ ခေတ်ပြင် တိုးတက်ရေး ကျမ်းများကို ပြုစုရေးသားလေ့ရှိတဲ့ ဆရာကြီး
ပီမိုးနင်း ၊ ဆရာကြီးဦးဗဂျီငို၊ ဆရာကြီး ဒဂုန်နတ်ရှင်တို့နဲ့ တိုင်ပင်ပြီး “
စိတ်ပညာအသင်းကြီး” အမည်နဲ့ လေ့ကျင့်ခန်းတွေကို အင်္ဂလိပ်ဘာသာနဲ့
ရေးသားရိုက်နှက်ပြီး မြန်မာနိုင်ငံ အ၀ှမ်းက စိတ်ဝင်စားတဲ့
အသင်းဝင်များထံကို ပေးပို့ပြီး လေ့ကျင့်စေခဲ့တယ်ဗျ။
နောက်
အဲဒီလေ့ကျင့်ခန်းတွေကို စိတ်ဝင်စားတဲ့သူတွေက လေ့ကျင့်ကြတယ်။
အောင်မြင်လာကြတဲ့ အခါကြတော့ မြန်မာဘာသာနဲ့ စာအုပ်စာတမ်း ပြုစုပေးပါလို့
တောင်းပန်ကြတယ်။ အဲဒီလို တောင်းပန်လာတဲ့ အတွက် ကိုယ့်နည်းကိုယ်ဟန်
တစ်ဘာသာစီ ပြုစုကြမယ်လို့ သဘောတူပြီး ဆရာကြီးဒဂုန်နတ်ရှင်က
ကိုယ်ပိုင်ရဲစွမ်းသတ္တိကို ဖော်ထုတ်နိုင်စွမ်း ရှိမှု့အတွက် “ ခြင်္သေ့စိတ်”
ဆိုတဲ့ ကျမ်းကို ပြုစုပြီး ထုပ်ဝေခဲ့တယ်။
ဆရာကြီး ဦးဗဂျီငိုက “
ကြီးပွားချမ်းသာရေး ” ဆိုတဲ့ အမည်နဲ့ သမ္ပဒါတရား လေးပါးကို အခြေခံ၍
ရေးသားထုပ်ဝေခဲ့တယ်။ ကျောင်းသုံး ပြဋ္ဌာန်းခြင်း ခံရတဲ့ အထိ ကြိုးစားမှု့
အောင်မြင်ခဲ့တယ်ဗျ။ ဆရာကြီး ပီမိုးနင်းကြတော့ စိတ်ပညာနှင့်တကွ
ထွက်သက်ဝင်သက် ရှု့၍ မိမိစိတ်တန်ခိုးကို နိုးဆွနည်းကို စတင်အခြေခံပြီး “
ဣစ္ဆာသယ စိတ်ပညာ ” “ ထွက်သက်ဝင်သက် ” စတဲ့ ကျမ်းတွေကို ရေးပြီးတော့
လူတိုင်းလူတိုင်း မိမိကိုယ် မိမိ အားကိုးပြီး လုပ်ကိုင်ကျင့်ကြံနိုင်စေဖို့
လမ်းညွန်ပေးတဲ့ ကျမ်းပေါင်းများစွာ ရေးသားအောင်မြင်ခဲ့တယ်ဗျ။
ပညာအလင်းပြ
ဖခင်ကြီးဆရာဖြိုးကတော့ တကယ်ကျင့်ရင် တကယ်စွမ်းအားသတ္တိ
ပြောင်မြောက်ဖြစ်ထွန်း စေနိုင်တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် စိတ်တန်ခိုးတွေကို
အလဟဿ လေလွင့်စေသော ကိုယ်စိတ်နှုတ် သုံးပါးချုပ်တည်းပြီး သမာဓိအားကို
စုဆောင်းပြီး ကိုယ့်ရဲ့ စိတ်တန်ခိုးကို ကိုယ်ပိုင် ကိုယ်လိုတဲ့အချိန်မှာ
လိုသလို ထုတ်ယူသုံးစွဲနိုင်တဲ့ နည်းကို ကြိုးစားပြုစု ရေးသားခဲ့တယ်ဗျ။
အဲဒီလို ကြိုးစားပြုစု ရေးသားတဲ့ အခါမှာလည်း အနောက်တိုင်း
စိတ်ပညာအသင်းကြီးများနဲ့ ဆက်သွယ်သင်ကြား လေ့ကျင့်ပြီးမှ ပြုစုရေးသားခဲ့တာ။ “
စိတ်ညှို့အိပ်မွေ့ချကျမ်း ” နဲ့ “ စိတ်ပညာအလင်းပြကျမ်း” များကို
ပြုစုရေးသားလေ့ကျင့်စေခဲ့တယ်။
ဆရာဖြိုးရဲ့ ရည်ရွယ်ချက်ကတော့ဗျာ
ကိုယ့် မြန်မာတိုင်းရင်းသားတိုင်း မိမိအကျိုး သူတစ်ပါးအကျိုး
တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်တဲ့အခါမှာ စိတ်ဓာတ်ရင်သန်
ခိုင်မာတည်ကြည်မှု့ရှိမှ ဆောင်ရွက်နိုင်သည့် အမှု့ကိစ္စများ
အောင်မြင်နိုင်မယ်လို့ ရည်ရွယ်ခဲ့တာဗျ။ ဒါတင်မကဘူး အဲဒီ ကျမ်းတွေမှာ ပရဟိတ
လုပ်ငန်းတွေမှာ စိတ်တန်ခိုး၏ အကူအညီကို ရယူဆောင်ရွက်နိုင်ပုံသာ မက
ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ ကျင့်ကြံလျှက် ကိုယ်ကျင့်တရား
ကောင်းမွန်ရေးကိုပါ လေးလေးနက်နက် ရေးသားပြုစုပေးခဲ့တယ်။
အဲဒီတော့
ကျွန်တော်ပြောချင်တာက ဦးမိုးပြောတဲ့ ကိုယ့်မြန်မာအမျိုးသားတို့ နိမ်ကျနေတဲ့
သိမ်ငယ်နေတဲ့ အောက်ကျနောက်ကျ စိတ်ဓာတ်တွေကို ပြုပြင်ဖို့ဆိုတာ အဓိကက
စိတ်ကိုပြုပြင်ရမှာဗျ။ ဥပမာဗျာ ဒီနေရာ ကွမ်းတံထွေးမထွေးရတို့
အမှိုက်မပစ်ရတို့ လူကူးမြင်းကျားမှ လမ်းဖြတ်ကူးပါတို့ အတွဲများမထိုင်ရတို့
ဘယ်လောက်ပဲ စာတွေရေးထားရေးထား ကွမ်းတံထွေး ထွေးတဲ့လူကတော့ ထွေးနေကြတာပဲ။
အမှိုက်ပစ်တဲ့ လူကလည်း ပစ်နေကြတာပဲ။ အတွဲတွေကလည်း ထိုင်နေကြတာပဲ။ လာဘ်စားတဲ့
သူကလည်း လာဘ်စားနေတာပဲ။ မဟုတ်လားဗျ။ အမှန်အတိုင်းပြောရရင် ဒါတွေက
စိတ်ဓာတ်မခိုင်မာတဲ့ လူတွေ လုပ်ကြတာ ဖြစ်တယ်။ စိတ်ဓာတ် ရင်သန်
ထက်သန်ခိုင်မာတဲ့ လူတွေက ကိုယ်တိုင် ကိုယ့်အတွက် ထုပ်ထားတဲ့ စည်းကမ်းကိုရော
လိုအပ်လို့ ထုပ်ထားတဲ့ အခြားစည်းကမ်းတွေကိုရော သူများပြောစရာ မလိုဘဲ
လေးစားလိုက်နာ တတ်ကြတယ်ဗျ။
ဒါကြောင့် ကျွန်တော် ပြောချင်တာက
ဦးမိုးပြောတဲ့ အရာတွေကို ပြောင်းလဲ စေချင်တယ်ဆိုရင် လူကို ပြင်ဖို့ထက်
စိတ်ကိုပြုပြင်မယ့် နည်းလမ်းတွေကို ကျင့်သုံးမှ ရနိုင်မယ်မဟုတ်လား ”
ကျွန်ုပ်က ပြောလိုက်လေလျှင် ဦးမိုးက ဒါဆို ဘယ်လိုလုပ်ရင်
အကောင်းဆုံးနည်းလဲဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်ကလည်း အောက်ပါအတိုင်း
ပြန်ပြောလိုက်လေတော့သတည်း ...
အကောင်းဆုံးနည်းကတော့....
ဘာသာရေးပေါ့ဗျာ... ဘာသာရေးပေါ့....
မြန်မာအမျိုးသားတိုင်း ဖတ်သင့် လေ့လာ လေ့ကျင့်သင့်သော ပညာအလင်းပြ ဖခင်ကြီး ဆရာဖြိုး၏ စိတ်ပညာ အလင်းပြ စာအုပ်ကို နမူနာဖော်ပြအပ်ပါသည်။
Saturday, July 20, 2013
Home »
ပညာပေးဆောင်းပါး
» အပြောင်းအလဲများ၏ နောက်ကွယ် (အသိပညာပေးဆောင်းပါး)
0 comments:
Post a Comment