Popular Posts

Saturday, July 20, 2013

“ ကံကောင်းသူ အစစ် အမှန် ”


        "နက္ခတ် ကို မျှော်လင့်စောင့်ဆိုင်းနေသည့် လူမိုက်အား ကောင်းကျိုးများသည် ကျော်လွန်သွား၏။  မိမိ ရှာဖွေနေသော ကောင်းကျိုးကသာ အကျိုးအတွက် နက္ခတ်မည်၏ ။ ကောင်းကင်မှ နက္ခတ်တာရာ များသည် မည်သည့် အကျိုး ပြီးစေနိုင်မည်နည်း"                                                                                                                                  ( ဇာတက၊  ဧကက၊၅၊ အတ္ထကာမ၀ဂ္ဂ၊ ၉၊ နက္ခတ္တဇာတက)
ဤစကားကို ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အာဇီဝကတစ်ယောက်ကို အကြောင်းပြုပြီး ဟောတော်မူပါသည်။ သာဝတ္ထီမြို့မှ အမျိုးသမီးတစ်ဦးအား  ဇနပုဒ်က အမျိုးသားတစ်ဦးက သူ၏ သားအတွက် စကားကြောင်းလမ်းပြီး "ဘယ်နေ့မှာ လာခေါ်ပါ့မယ်"ဟု နေ့ကို သတ်မှတ်ပေးလိုက်ပါ၏။
ထိုနေ့ရောက်သောအခါ ထိုသူ့အိမ်တွင် ကြွလာလေ့ရှိသော  အာဇီဝက တက္ကတွန်း အား "အရှင်ဘုရား ၊ ဒီနေ့ တပည့်တော်တို့ မင်္ဂလာတစ်ခု ပြုကြပါမယ်။ နက္ခတ် ကောင်းပါ သလား"လို့ မေးပါသည်။ ထို တက္ကတွန်းက " ဒီ ဒကာဟာ ငါ့ကို အရင်မမေးဘဲနဲ့ နေ့သတ် မှတ်ပြီး အခုမှ ငါ့ကို လာမေးတယ်၊ ရှိပစေ၊ ငါပညာပြလိုက်မယ်" ဟူ၍ စိတ်ဆိုးကာ "ယနေ့ နက္ခတ် မကောင်းဘူး။ ဒီနေ့ မင်္ဂလာ မလုပ်နဲ့ လုပ်ရင် အကြီးအကျယ် ပျက်စီးလိမ့်မယ် "လို့ ပြောပါလိုက်သည် ဆိုပါ၏။
သူတို့သား အိမ်မှ လူများသည် ပျက်စီးမည်ဟုပြောသော တက္ကတွန်း၏စကားကို ယုံကြည်သဖြင့် သတ်မှတ်ထားသောနေ့တွင်ကျရောက်သည့် မင်္ဂလာပွဲကို မသွား ကြပါ။
မြို့ပေါ်ရှိ သူတို့သမီးဖက်မှ လူများက မင်္ဂလာ ကိစ္စအားလုံး ပြင်ဆင် ပြုလုပ်ပြီးကာမှ ထိုသူတို့သားဖက်မှ လူများ မလာတော့သဖြင့်-
"သူတို့ပဲ ဒီနေ့ကို မင်္ဂလာပွဲနေ့ အဖြစ် သတ်မှတ်ထားတယ်။ အခုတော့ သူတို့ မလာကြဘူး။ ငါတို့ မှာလည်း ပျက်စီးမယ့် အလုပ်ကို အများကြီးလုပ်ထားတယ်။ သူတို့နဲ့ ဘာအကျိုးရှိမှာလဲ။ ငါတို့ရဲ့ သမီးကို အခြားသူအား ပေးမယ်"-
ဟု ဆုံးဖြတ်ကာ ပြင်ဆင်ထားသော မင်္ဂလာပွဲ နှင့်ပင်လျှင် အခြားသတိုးသား ရှာဖွေကာ အချိန်မီ ပေးစားလိုက်ပါသည်။
နောက်တစ်နေ့ ထိုအမျိုးသားဘက်မှ လူများရောက်လာပြီး "ငါတို့အား သတို့သမီးကိုပေးပါ" ဟု တောင်းလေ၏။  ထိုအခါ အမျိုးသမီးဘက်မှ လူများက "သင်တို့ဟာ ယုတ်မာတဲ့ လူတွေ ဖြစ်လို့ နေ့ရက် သတ်မှတ်ပြီး အထင်သေးလို့ မလာကြဘူး။ လာလမ်းနဲ့ပဲ  ပြန်ကြပေတော့၊ အခြားအမျိုးသားနှင့် ငါတို့ သမီးကို ပေးလိုက်ပြီ" လို့ ပြောလိုက်ကြပါသည်။  ထိုအခါ နှစ်ဦးနှစ်ဖက် စကားများ အငြင်းပွားကြပါ၏။ ထို့ကြောင့် အမျိုးသမီးကို မရဘဲ အမျိုးသား ဘက်က ဇနပုဒ်သားများသည် လာလမ်းအတိုင်းသာလျှင် ပြန်သွားကြရပါသည်။
ထို အာဇီဝ တက္ကတွန်းကြောင့် ဖော်ပြပါ လူများ၏ မင်္ဂလာကိစ္စ ပျက်သွားရတဲ့အကြောင်းသည်   ရဟန်းများ၏အလယ်တွင်   ထင်ရှားပါသည်။ ရဟန်းများက တရားသဘင်မှာ ထို မင်္ဂလာကိစ္စအကြောင်း ပြောဆိုနေကြပါ၏။
ဗုဒ္ဓမြတ်စွာဘုရားက "ဘာစကားတွေ ပြောပြီး ထိုင်နေကြတာလဲ" လို့ မေးသောအခါ အကြောင်းစုံကို လျှောက်ထား ကြပါသည်။ထိုအခါ ဗုဒ္ဓမြတ်စွာဘုရားရှင် က- " အခုမှသာ အာဇီဝက က မင်္ဂလာ ကိစ္စကို အန္တရာယ်ပြု ခဲ့တာ မဟုတ်ဘူး။ ရှေးကလည်း လုပ်ခဲ့တယ်" ဟု မိန့်ကာ -
"နက္ခတ် ကို မျှော်လင့်စောင့်ဆိုင်းနေသည့် လူမိုက်အား ကောင်းကျိုးများသည် ကျော်လွန်သွား၏။  မိမိ ရှာဖွေနေသော ကောင်းကျိုးကသာ အကျိုးအတွက် နက္ခတ်မည်၏ ။ ကောင်းကင်မှ နက္ခတ်တာရာ များသည် မည်သည့် အကျိုး ပြီးစေနိုင်မည်နည်း"    ဆိုသည် ကိုဟောကြားတော်မူပါသည်။
နက္ခတ်ကောင်း၊ အခါကောင်း၊ အချိန်ကောင်း၊ နေ့ရက်ကောင်း များကိုသာ ရွေးချယ်လေ့ရှိကြသည့် ပုဂ္ဂိုလ်များအတွက် မှတ်သားလိုက်နာစရာ ဖြစ်ပါသည်။
နက္ခတ်ကောင်း ၊ အချိန်ကောင်း၊ နေ့ရက်ကောင်းဟူသည်က ကောင်းကျိုးကို ပေးနိုင်တာမဟုတ်ပါ။ အလုပ်ကောင်း၊ အပြောကောင်း၊ အကြံကောင်း၊ စိတ်ထားကောင်းတွေက နံနက်တွင်ရှိလျှင် ထို နံနက်သည် ကောင်းသော နံနက်ခင်း၊ နေ့လယ်ရှိလျှင် ထို နေ့လယ်သည် ကောင်းသော နေ့လယ်ခင်း၊ ညနေရှိလျှင်ထို ညနေ သည် ကောင်းသော ညနေခင်းပင်ဖြစ်ပါ၏။
ကောင်းကျိုးများကို ကောင်းကင်က နက္ခတ်များမှ မပေးနိုင်သည်ကို တစ်ချို့သော လူများသည် မသိ နားမလည် ကြပါ။  မိမိ၏ အလုပ်ကောင်း၊ အပြောကောင်း၊ အကြံကောင်း၊ စိတ်ထားကောင်း များကသာလျှင် ကောင်းကျိုးများကို ပေးနိုင်သည် ဆိုခြင်း ကိုလည်း နားမလည်ဘဲ ရှိနေကြပါသေး၏။  ကောင်းကျိုးများ၏ အကြောင်းမှန်ကို မရှာကြံနိုင်၊ မသိရှိနိုင် ဖြစ်နေကြပါသည်။
အချိန်အခါ၊  နေ့ရက်၊ နက္ခတ်ကောင်းဖို့ဆိုသည်မှာ အလုပ်၊ အပြော၊ အကြံ၊ စိတ်ထားများ ကောင်းရပါမည်။  ကာယကံ၊ ၀စီကံ၊ မနောကံဟူသော ကံသုံးပါး မကောင်းလျှင် နက္ခတ်လည်း မကောင်း။ အချိန်အခါနေ့ ရက်လည်း မကောင်းပါ။ ကောင်းကျိုးလည်း မရနိုင်ပါ။
ကောင်းကျိုးကို လိုချင်လျှင် ကံကောင်းဖို့ပဲ လိုပါ၏။ ကံအကြောင်း ကောင်းလျှင် ကောင်းကျိုးတွေကိုရရှိစေရန် တောင့်တ နေစရာတောင် မလိုပါ။ သူ့အလိုလို ရောက် လာပါလိမ့်မည်။ ကံကောင်းသူတွေ ဖြစ်အောင် ကြိုးစားဖို့ပဲ လိုပါ၏။
ဓမ္မမိတ်ဆွေများ ကံကောင်းတဲ့သူများ ဖြစ်ကြရလေအောင် ကုသိုလ်ဖြစ်မည့် အလုပ်ကောင်း ၊ အပြောကောင်း၊ အကြံ ကောင်းများ ဖြစ်အောင်သာ ပြုလုပ်ဆောင် ရွက်နိုင်ကြပါစေသော် ။
နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။

0 comments:

Post a Comment