Popular Posts

Monday, September 2, 2013

မောင်းမကန် ကမ်းခြေ KTV များ ဒေသခံများ အလိုမရှိ

တနင်္သာရီတိုင်း ဒေသကြီး ၊ လောင်းလုံးမြို့နယ် ရှိ မောင်းမကန် ကမ်းခြေတွင် ကာရာအိုကေ ဘမ်းပြ အမျိုးသမီး ၀ိုင်းထိုင် ဆိုင်များအား ဖျက်သိမ်းပေး ရန် ဒေသခံ ၂၀၀ ဦးမှ သြဂုတ်လ ၂၄ ရက်နေ့တွင် စီတန်း လှည့်လည်ရန် သြဂုတ်လ ၂၀ ရက်နေ့တွင် မြို့နယ် ရဲတပ်ဖွဲ့ထံသို့ ပေးပို့ခဲ့သည်ဟု မောင်းမကန် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ ဦးကျော်သူရ ထံမှ သိရသည်။ အမျိုးဘာသာ သာသနာနှင့် ဆန့်ကျင်ခြင်း၊ မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီခြင်း၊ ကာရာအိုကေ ဘမ်းပြ အမျိုးသမီး ၀ိုင်း ထိုင်ဆိုင်များ ဖြစ်ခြင်း၊ ဒေသခံ ရဟန်း သံဃာတော် များ မနှစ်မြို့ခြင်း နှင့် မိသားစု နွေးထွေးမှု မရှိတော့ ခြင်းတို့ကြောင့် ဒေသခံ အမျိုးသမီး အများစု၏ ဆန္ဒအရ ယင်းသို့ ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ် သည်ဟု မောင်းမကန်ကျေးရွာ ဖွံဖြိုးရေး ကော်မတီမှာ ဦးကျော်သူရ က ပြောသည်။ “မောင်းမကန် ဒေသဟာ ဘာသာ သာသနာရဲ့ ဆုံးမ မှုအောက်မှာ နေတဲ့ ဒေသဖြစ်လို့ ဘာသာရေး ၊ သာသနာရေး ညစ်နွမ်းစေမယ့် အပြုအမှုမျိုး မလိုချင်ဘူး ” ဟု ၎င်းက ဆိုသည် ။ မောင်းမကန် သို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခေါင်းစဉ်ဖြင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ရောက်ရှိလာပြီး ဒေသခံများနှင့် တွေ့ဆုံ စဉ်တွင် ၂ ရက် အတွင်း ကမ်းခြေရှိ KTV ဆိုင်များ ပိတ်ပေးမည်ဟု သတင်း ထွက်ပေါ် လာသော်လည်း ရက် အနည်းအကြာတွင် KTV လိုင်စင်များ ထုတ်ပေး လိုက်သဖြင့် ယင်းသို့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု မောင်းမကန် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီထံမှ သိရသည်။ “KTV ဆိုင်တွေ ဆက် ဖွင့်ထားရင် ရွာအတွက် မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟု မောင်းမကန် ရွာခံ ဦးထွန်းကြည်က ပြောသည်။ ကာရာအိုကေ အခန်းများသည် အသံမလုံ သည့်အတွက် အသံ ဆူညံမှုကြောင့် ပတ်ဝန်းကျင် ကို အနှောင့်အယှက် ဖြစ်စေ သည်ဟု မောင်းမကန် ဒေသခံ တစ်ဦးက ဆိုသည်။ ဆန္ဒ ထုတ်ဖော်ခြင်း အား မောင်းမကန်ရွာ ကံယုံ ကျောင်းတိုက် အ၀မှ မောင်းမကန် ရဲစခန်း အထိ ရေပူစမ်း လမ်းအတိုင်း ချီတက်ကာ “ကာရာအိုကေ ဘမ်းပြ အမျိုးသမီး ၀ိုင်း ထိုင်ဆိုင်များ အလိုမရှိ” “ ငယ်ရွယ်သော မိန်းကလေးများ အတုယူ မမှားစေချင်ပါ ” “ သာယာသော မိသားစု ဘ၀များကို မပျက် စီးစေနဲ့ ” “ဘာသာ သာသနာ ညစ်နွမ်းမည့် အပြုအမူ များ ရပ်ဆိုင်းပါ” “ ဥပဒေကို လက်တစ်လုံးခြား မလုပ်ပါနဲ့ ” “ ဥပဒေကို ကာကွယ် စောင့်ရှောက်သော ရဲတပ်ဖွဲ့ဝင်များ အလိုရှိသည်” စသည်ဆိုင်းပုဒ် များကို ကိုင်ဆောင် မည်ဖြစ်ကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်တောင်းခံ စာတွင်ဖော်ပြသည်။ ဆန္ဒပြရာတွင် ထားဝယ် ဘာသာဖြင့် “မီးမထိုင်ဟို ကေတီဗီဆိုင် – မလိုဟ မလိုဟ” (မိန်းကလေးထိုင်သည့် KTV ဆိုင်- မလိုဘူး၊ မလိုဘူး)၊ “မြူဆွယ်နေ ဟို မီးမများ – ဗ္လျန်း ဗ္လျန်း သွား ၊ ဗ္လျန်း ဗ္လျန်း သွား” (မြူဆွယ်နေသော မိန်းကလေးများ မြန်မြန်သွား၊ မြန်မြန်သွား)၊ “လန်များ ကွဲအွန် – မလောက်န ၊ မလောက်န” (လင်မယား ကွဲအောင် မလုပ်နဲ့ မလုပ်နဲ့)၊ “စီးပွားပြစ်အွန် – မလောက်န၊ မလောက်န” (စီးပွား ပျက်အောင် မလုပ်နဲ့ မလုပ်နဲ့) စသည့် ကြွေးကြော် သံများကို ကြွေးကြော်မည်ဖြစ်သည်။ မောင်းမကန် ကမ်းခြေတွင် ကာရာအိုကေ ဆိုင် ၇ ဆိုင်ရှိပြီး လွန်ခဲ့သည့် တစ်နှစ်ကျော် က စတင် ဖွင့်လှစ်ခဲ့ကြသည်။

0 comments:

Post a Comment