Monday, September 2, 2013
Home »
ထားဝယ်အကြောင်း
» လူမျိုးစကားနဲ့ စာပေ (သို့မဟုတ်) သမိုင်းကို ပြန်လည်ခံစားခြင်း အပိုင်း (၂)
လူမျိုးစကားနဲ့ စာပေ (သို့မဟုတ်) သမိုင်းကို ပြန်လည်ခံစားခြင်း အပိုင်း (၂)
လူမျိုးတစ်မျိုးမှာ သမိုင်းဆိုတာ ရှိစမြဲပါ။ သမိုင်းမရှိရင် အဲဒီလူမျိုးကို လူမျိုးတစ်မျိုးလို့ သတ်မှတ်ရတာ အတော့်ကို ခက်မှာ သေချာပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဗိဿနိုး သရေခေတ္တရာတို့ သမိုင်းဟာ ပျူတို့ရဲ့ အခြေအနေကို ဖေါ်ပြနေသလို မြန်မာ (ဗမာ) လူမျိုးတို့ရဲ့သမိုင်းအစကိုတော့ ပုဂံနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ပုဂံကို အနော်ရထာ တည်ထောင်ခဲ့တယ်လို့ အသိများနေပေမဲ့ တကယ်တော့ ဘုရင်အနော်ရထာ အရင်ပုဂံကို တည်ထောင်ခဲ့တဲ့မင်းက ပျဉ်ပြားမင်းပဲ့ဖြစ်ပါတယ်။ ပျူနိုင်ငံတော် ပျက်စီးသွားပြီးနောက် ပုဂံကို ပထမဆုံး မြန်မာနေပြည်တော်အဖြစ် အေဒီ (၈၄၉) ခုမှာ တည်ထောင်ခဲ့တာပါ။ မြန်မာတစ်နိုင်ငံလုံးစည်းလုံးအောင် ပူးပေါင်းပြီး ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တာကတော့ ဘုရင်အနော်ရထာပေါ့။ အဘိသိက်ခံတဲ့နှစ် အေဒီ (၁၀၄၄)ပါ။ ဘုရင်အနော်ရထာရဲ့ကျေးဇူးကြောင့် မြန်မာများ ဗုဒ္ဓဘာသာကို တရားဝင် ကိုးကွယ်ခွင့်ရခဲ့သလို သူ့ရဲ့အမြော်အမြင် ကောင်းမှုကြောင့် အေဒီ (၁၁) ရာစုမှာ မြန်မာများ မြန်မာစာကို ကိုယ်ပိုင်စာအဖြစ် စတင်သုံးစွဲခွင့်ရပြန်ပါတယ်။ မြန်မာစာကို စာအနေနဲ့ ပထမဆုံးမှတ်တမ်းတင်ခဲ့တာကတော့ ရာဇကုမာရ် ကျောက်စာ (ခေါ်) မြစေတီကျောက်စာပါပဲ။ ဒီနေရာမှာ သတိထားမိတာလေးတစ်ခုက စာပေတစ်ခုကို အများသုံးအဖြစ်တီထွင် ရတာ ပြည်သူအများ အသိအမှတ်ပြုအောင် လုပ်ရတာဟာ နှစ်အတော်များများအချိန်ယူခဲ့ရတယ်ဆိုတာကိုပါ။ ဘုရင်အနော်ရထာလက်ထက်ကတည်းက မွန်၊ ပျူ ပါဠိကို အခြေခံပြီး တီထွင်ခဲ့တဲ့ မြန်မာစာကို ဘုရင်အနော်ရထာ နောက်မင်းဖြစ်လာတဲ့ စောလူးဘုရင်နဲ့ ဘုရင် ကျန်စစ် (မင်းကျန်စစ်) တို့ လက်ထက်မှာတောင် ကျွမ်းကျင်စွာအသုံးပြုခဲ့တာကို မတွေ့ခဲ့ဖူးဘူးဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရာဇကုမာရမင်းသားရဲ့ မြစေတီကျောက်စာက မင်းကျန်စစ် နတ်ရွာမစံခင်လေးမှ ပေါ်ပေါက်လာတာမို့ပါ။ ဘုရင်အနော်ရထာနဲ့ မင်းကျန်စစ်ရဲ့ ကျေးဇူးတရားများ နှလုံးသားထဲမှာ ပဲ့တင်ထပ်နေတုန်းပါပဲ။ သူတို့ရဲ့ ကျေးဇူးတွေကြောင့်ပဲ မှန်ကန်တဲ့ဘာသာနဲ့ စာပေများကို လေ့လာခွင့်ရခဲ့တာပဲ့လေ။ အခုလိုမျိုး လေ့လာခွင့်ရတာ ထားဝယ်သမိုင်းကို ဖတ်နိုင်တာဟာ သူတို့ရဲ့ကျေးဇူးကြောင့်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ မြန်မာလူမျိုးရဲ့ သမိုင်းဟာ ရှည်လျားတယ်ဆိုရမှာပါ။ ပုဂံပြည်ကြီး ပျက်စီးသွားပြီးနောက် ခေတ်အမျိုးမျိုးကို မြန်မာလူမျိုးနဲ့ မြန်မာပြည်သူများ ဖြတ်သန်းကျော်လွှားခဲ့ရပါတယ်။ မြန်မာတွေရဲ့ ခေတ်အဆက်ဆက်ကို ဒီလိုလေး မှတ်သားရဖူးပါတယ်။ ပုဂံ၊ ပင်းယ၊ အ၀ (အင်းဝ)၊ ဟံသာဝတီ၊ တောင်ငူ၊ ရွှေဘို၊ ကုန်းဘောင်၊ စစ်ကိုင်း၊ အမရပူရ၊ ရတနာပုံဆိုပြီးတော့ပေါ့။ မြန်မာများရဲ့ နောက်ဆုံးမင်းကတော့ ရတနာပုံမင်းနေပြည်စံ ဘုရင်သီပေါပါပဲ။ ပျူလူမျိုးများ မြန်မာ့သမိုင်းပေါ်က ပျောက်သွားပြီးနောက် အစားထိုး ၀င်ရောက်လာတဲ့လူမျိုးကတော့ မြန်မာ (ဗမာ) လူမျိုးများပါ။ မြန်မာလူမျိုးမှာ တိကျတဲ့သမိုင်းရှိသလို ထားဝယ် လူမျိုးမှာလဲ သမိုင်းရှိခဲ့တာပါပဲ။ လူနည်းစုရဲ့ သမိုင်းကို လူအများစုလေ့လာဖို့ဆိုတာ ခက်ခဲသလို လူနည်းစုကိုယ်တိုင်က ကိုယ့်သမိုင်းကိုလေ့လာဖို့ မေ့လျော့နေတော့ ထင်ရှားတဲ့ သမိုင်းတစ်ခုဟာ မှေးမှိန်သွားရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ မှေးမှိန်သွားရုံပဲရှိတာပါ။ ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။ ထားဝယ်လူမျိုးရဲ့ သမိုင်းကို တစ်ချက်လောက်ငဲ့စောင်းကြည့် လိုက်တော့ ဒီလိုလေးတွေ့ရပါတယ်။
ထားဝယ်လူမျိုး ထားဝယ်သမိုင်းကတော့ ကောဇာ (၁၁၃) အေဒီ (၇၅၁) မှာ စတင်ခဲ့တယ်ဆိုရမှာပါ။ သာဂရ နန်းတော် စတည်တဲ့ခုနှစ်ကိုပဲ အခြေတည်စတင်ယူလိုက်တာပါ။ သာဂရမြို့မတည်ခင် ဒူရကတိုင်း၊ ကလိန်အောင်မြို့ စတဲ့ မြို့များတည်ရှိခဲ့တာမှန်ပေမယ့် စာဖတ်သူများေ၀၀ါးစွာနဲ့ လက်ခံဖို့ခက်ခဲနေမှာစိုးတာကြောင့် တရားဝင်ထုတ်ခွင့်ရခဲ့တဲ့ စာအုပ်ထဲမှ သမိုင်းများကိုပဲ စာဖတ်သူများကို မြည်းစမ်းခွင့်ပေးလိုက်တာပါ။
သာဂရမြို့တည် သမန္တမင်း လောင်းလျာကို သက္ကရာဇ် (၉၇) ခုနှစ် ဦးတန်းခူးလပြည့်ကျော် (၆) ရက် သောကြာနေ့ မနက် (၆)နာရီကျော်မှာ ဖွားမြင်ခဲ့တာပါ။ ဖခမည်းတော်ရဲ့အမည်တော်ကတော့ ဆင်ဖြူရှင် မဟာနရိန္ဒမင်း မြတ်ပဲဖြစ်ပါတယ်။ မင်းစည်းစိမ် (၂၃) နှစ် စံစားပြီး သက်တော် (၇၀) မှာ နတ်ရွာစံတဲ့မင်းတစ်ပါးပါ။ နတ်ရွာမစံခင် ကြုံရတဲ့အဖြစ်လေးတွေ ကြောင့် သားတော် သမန္တကို စောစောစီးစီး ထီးနန်းအပ်ခဲ့သူပါ။ ကြုံရတာလေးက ဒီလိုပါ။ သမန္တမင်းသားငယ် သက်တော် (၇)နှစ်အရွယ်မှာ စာပေကိုသင်ကြားရင်းအချိန်တွေကို ကုန်လွန်စေခဲ့ပါတယ်။ တစ်နေ့ ထူးခြားတဲ့အဖြစ်က ထင်ရှားဖြစ်ပေါ်လာခဲ့ပါတယ်။ ဘူမိဒေ၀နဂရမြို့ရဲ့ ညတစ်ညမှာ ကြာသပတေး ကြယ်တံခွန်ကြီးတလုံး တစ်လခွဲလောက်ကြာကြာ ပေါ်ပေါက်လာပါသတဲ့။ ကြာလွန်းတဲ့ ကြယ်တံခွန်ရဲ့ နိမိတ်အကြောင်းကို ဆင်ဖြူရှင် ဘုရင် မဟာနရိန္ဒမင်းကြီးက ပညာရှိအမတ်များကို မေးကြည့်တဲ့အခါ အဖြေက ဒီလိုထွက်လာပါတယ်။ ကြယ်တံခွန်ရဲ့အတိတ်နိမိတ်ကို ထောက်မျှော်ကြည့်မယ်ဆိုရင် ဘုရင်မင်းမြတ်ရဲ့ ဘေးကြုံရမယ့် ကိန်းဖြစ်တယ်ဆိုတာကို လျှောက်တင်ကြတော့ ဘေးမကြုံခင် ကုသိုလ်ခွင်မှာ ပျော်စံနေနိုင်စေဖို့ ဘုရင်နှင့်အမတ်များ အောင်သာဂရရွာမှ ပြောင်းရွှေ့လာကာ ယခုညင်းထွေးရွာအနီး တောင်ကုန်းတစ်ခုမှာ စခန်းချကြပါတယ်။ စခန်းချတဲ့အချိန်က ၀ါဆိုခါနီးမို့ ၀ါဆိုအမှတ်အသားအဖြစ် ကျောင်းဆောက်လုပ်ကြပါတယ်။ အမိန့်တော်အရ (၇)ရက်အတွင်း ဆောက်လုပ်ပြီးစီးတာနဲ့ ရသေ့၊ ရဟန်းများကို လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပါတယ်။ (အဲဒီနေရာကို အခုထိ ၀ါဆိုကုန်းလို့ ခေါ်ဆိုနေကြတုန်း ပါပဲ)။ လှူဒါန်းပြီးနောက် သားတော် သမန္တမင်း သားကို ထီးနန်းကိုခဏလွှဲအပ်ပြီး ကိုယ်တော်တိုင် ဥပုသ်ဆောင်ဝင်တော်မူပါတယ်။ သက်တော်(၇၀)မှာ ဘုရင်မင်းမြတ် နတ်ရွာစံကံတော်ကုန်သလို မိဖုရားကြီး စုမဒ္ဒီလည်း ဘုရင်နတ်ရွာစံပြီး (၂)နှစ်အကြာမှာ ဘ၀ပြောင်း ကြွေစုတေခဲ့ပါတယ်။(ဘူမိဒေ၀နဂရမြို့တော်ဆိုတာ ထားဝယ်မြို့မှ (၁၀) မိုင်အကွာ မှိုင်းကာရီမြို့(ယခု ပကာရီ ရွာ) ကိုခေါ်ပါတယ်။ စတင်တည်ထောင်သူကတော့ ရန်တပို မင်းခေါ် ရာဇာတဗိုလ်မင်း တည်ထောင်ခဲ့တာပါ။ မင်းကြီးဟာ ဘုန်းတော်အလွန်ကြီးခဲ့တာမို့ ပထမနာမည်ပျောက်ပြီး ဆင်ဖြူတော်ကိုပါ ရရှိခဲ့တာကြောင့် ဆင်ဖြူရှင် မဟာနရိန္ဒလို့ ကျော်ကြားခဲ့သူပါ။)
နန်းစံဘုရင် သမန္တမင်းက ဘူမိဒေ၀နဂရမြို့ဟာ မြေခံမကောင်းဘူးလို့ယူဆမိတာကြောင့် ပညာရှိအမတ်များနဲ့ တိုင်ပင်ကာ နန်းတော်အသစ်တည်ဆောက်ဖို့ မြေကိုရွေးကြပါတယ်။ မြေကိုရှာဖွေတွေ့ရှိပြီးနောက် သာဂရနေ ပြည်တော် ဆိုတဲ့ နန်းသစ် မြို့သစ်ကိုတည်ဆောက်ကာ ထားဝယ်သမိုင်းရဲ့အစကို ဖွင့်လှစ်ခဲ့ပါတယ်။ ထားဝယ်မြစ်ရဲ့ အနောက်ဖက်ခြမ်းကို မေးတင်လျက် (ယခု မြို့ဟောင်းရွာ) တောင်ဖက်တွင် ပဒက်ချောင်း၊ မြောက်ဖက်တွင် ဆင်ပုန်းချောင်းတို့ကို ကျုံးအနေအရံအတားပြုကာ မြေသားမြို့ရိုး မြို့တာ နှစ်ထပ်ကာရံပြီး မြို့ဝန်းအကျယ် တာ (၇၄၀)၊ တံခါးပေါက် (၄)ပေါက်၊ လမ်းမ (၄)သွယ်နဲ့ သက္ကရာဇ် (၁၁၃)မှာ တည်ထောင်ခဲ့တဲ့ သာဂရမင်း နေပြည်တော်မှာ သမန္တမင်းဟာမင်းအဖြစ် စိုးစံခဲ့ပါတယ်။ သူဟာထားဝယ်သားအားလုံးရဲ့သမိုင်းအစဖြစ်တာမို့မြန်မာများအတွက် အနော်ရထာဘုရင်ဟာမြန်မာရဲ့စံထားရာဘုရင်တစ်ပါးဖြစ်ခဲ့သလိုသမန္တမင်းကြီးဟာလဲ ထားဝယ်သားများရဲ့စံထားရာမင်းတစ်ပါးပါပဲ။ (အေဒီ (၇၅၁) မှာ တည်ထောင်ခဲ့တဲ့ သာဂရနန်းတော်ရဲ့ ခုနှစ်နဲ့ အေဒီ (၈၄၉) မှာ စတင်ခဲ့တဲ့ ပျဉ်ပြားမင်းကြီးရဲ့ မင်းနေပြည်တော် ပုဂံ ခုနှစ်ကို နှိုင်းယှဉ်ကြည့်ဖို့ မမေ့ပါနဲ့)။ စာဖတ်သူများ အနေနဲ့ ဝေး၀ါးလို့ မသွားရအောင် ထားဝယ်သမိုင်းမှာ နေရာယူစိုးစံ ခဲ့တဲ့ ဘုရင်များကိုလည်း ဆက်လက်ဖတ်ရှုပါဦး။ မြန်မာသမိုင်းမှာ ရာဇ၀င်နဲ့ မင်းအဆက်ဆက်သမိုင်းဆိုတာရှိသလို ထားဝယ်သမိုင်းမှာလဲ ရှိတယ်ဆိုတာကိုပါ သိသွားပါလိမ့်မယ်။
သာဂရမြို့ကို သက္ကရာဇ် (၁၁၃)မှာ တည်ခဲ့ပြီး သက္ကရာဇ် (၂၇၀)မှာ မြို့ပျက်ခဲ့ပါတယ်။
သာဂရမြို့ မင်းဆက်များ
၁။ သမန္တမင်း (၁၁၃-၁၂၈)
၂။ ဗညားဗလ (၁၂၈-၁၉၀)
၃။ ဗညားရံ ( ၁၉၀-၂၀၅)
၎။ ဗညားတေဆ ( ၂၀၅-၂၂၁)
၅။ ဗညာရံကင်း ( ၂၂၁-၂၄၁)
၆။ ဗညားရံစော ( ၂၄၁- ၂၅၄)
၇။ ဗညားဒိပ္ပ ( ၂၅၄-၂၇၀)
ဒုတိယအကြိမ်မြို့တည် ဇလွန်မြို့ (၃၅၇-၄၃၈)
ထိုသာဂရ မြို့ဟောင်းကို မြို့ရိုးမြို့ကာ ထပ်မံပြုပြင်၍ ဟံသာဝတီ ဗညားဦးသည် ဇလွန်မြို့ဟု အမည်သစ်ဖြင့် ထပ်မံမြို့တည်စေခဲ့ပါတယ်။
ဇလွန်မြို့ မင်းဆက်များ
၁။ ဗညားရံဆက် (၃၅၇-၃၇၃)
၂။ ဗညားတော်ခံ (၃၇၃-၃၉၅)
၃။ ဗညားရံစော (၃၉၅-၄၁၅)
၎။ ဗညားကင်းထော (၄၂၈-၄၃၈)
ထို ဇလွန်မြို့ကိုပဲ ထပ်မံပြုပြင်ပြီး တတိယအကြိမ် မြို့သစ်တည်ဆောက်ခဲ့ပါတယ်။
တတိယအကြိမ် မြို့တည် ဇလွန်မြို့ (၉၂၄-၁၁၀၅) မင်းဆက်များ
၁။ မြသပိုက် (၉၂၄-၉၂၆)
၂။ ငထွေးညို (၉၂၄-၉၃၀)
၃။ စလင်းမင်း (၉၃၀-၉၃၄)
၎။ သီပေါမင်း (၉၃၄-၉၃၇)
၅။ ရန်ကုန်မင်း (၉၃၇-၉၄၀)
၆။ နန္ဒကောဒေဘရ (၉၄၀-၉၅၅)
၇။ ဥဒိန်ဘရ (၉၅၅-၉၈၅)
၈။ တောင်ကြားမင်း (၉၈၅-၉၉၇)
၉။ စက္ကရောတ (၉၉၇-၉၉၉)
၁၀။ သမန္တရာဇ (၉၉၉-၁၀၀၅)
၁၁။ ရာဇသူ (၁၀၀၅-၁၀၁၉)
၁၂။ ဒုရင်နန္ဒသူ (၁၀၁၉-၁၀၅၃)
၁၃။ ဇေရဘ (၁၀၅၃-၁၀၅၆)
၁၄။ ရာဇသင်္ကြန် (၁၀၅၆-၁၀၅၇)
၁၅။ ပုံကြိုင်စား (၁၀၅၇-၁၀၉၉)
၁၆။ ပဘူ (၁၀၉၉-၁၁၀၂)
၁၇။ ဒုရင်စန္ဒ (၁၁၀၂-၁၁၀၂)
၁၈။ ငနဲလှ (၁၁၀၂-၁၁၀၅)
ထားဝယ်မြို့ရဲ့အရှေ့ခြမ်းကိုမေးတင်ပြီး တောင်ဖက်ဘုမ္မော်ချောင်းနှင့် မြောက်ဖက် မြောင်းပုလဲချောင်းတို့ကို ကျုံးကာရံပြီး ပတ်လည်အကျယ်အ၀န်း တာ (၂၈၄)တာ သူရဲခို (၂၅၈၃) လုံး တံခါး (၅) ပေါက် ဗဟိုလမ်းမ ( ၄) သွယ် အုတ်မြို့ရိုး မြေအ၀င် (၄) ပေခွဲ မြို့ရိုးအမြင့် (၉) ပေ မြို့ရိုးအလယ်ဗဟိုတွင်ဇိနသိရိဘုရားကုန်းတော်နှင့် တန်ဆောင်းတော်ကြီး တောင်တံခါးအနီး ဒက္ခိဏရာမတိုက် မြောက်တံခါးဝ မနီးမဝေး၌ သီပေါတိုက်၊ သီပေါတိုက်အနောက် မနီးမဝေးတွင် အနောက်တိုက်အပါဝင် မြို့တော်ကို သာယာဝတီလို့ နာမည်ပေးပြီး သက္ကရာဇ် (၁၁၁၆) မှာ ထားဝယ်မြို့ကို စတုတ္ထအကြိမ် တည်ခဲ့ပါတယ်။ ဒါကို ထားဝယ်များက ဥသြအော်သည် ထားဝယ်တည်လို့ ကဗျာနဲ့မှတ်သားခဲ့ပါတယ်။
စတုတ္ထအကြိမ် သာယာဝတီ ထားဝယ်မြို့တည် (၁၁၁၆-၁၁၈၆) မင်းဆက်များ
၁။ မင်းနဲလှ (၁၁၁၆-၁၁၂၁)
၂။ ရေ၀န်ဒေ၀ဒိဗ္ဗ (၁၁၂၁-၁၁၂၂)
၃။ မင်းရှင်ဇော် (၁၁၂၂-၁၁၂၈)
၎။ မဟာနော်ရထာ (၁၁၂၈-၁၁၂၉)
၅။ ရာဇသူရကျော် (၁၁၂၉-၁၁၃၀)
၆။ နေမျိုးဇေယျသူ (၁၁၃၀-၁၁၃၈)
၇။ နေမျိုးလက်ျာဇေယျ (၁၁၃၈-၁၁၄၄)
၈။ မက္ခရာဗိုလ် (၁၁၄၄-၁၁၄၇)
၉။ ပျံချီသူရ (၁၁၄၇-၁၁၄၈)
၁၀။ ဦးမြတ်ဖြူ (၁၁၄၈-၁၁၄၉)
၁၁။ ကုလားဝန် ( ၁၁၄၉-၁၁၄၉)
၁၂။ ပျံချီသူရ (၁၁၅၀-၁၁၅၁)
၁၃။ ဦးမြတ်ဖြူ (၁၁၅၁-၁၁၅၄)
၁၄။ နတ်မီးလင်း (၁၁၅၄-၁၁၆၀)
၁၅။ မြို့ဝန်ဘဦး (၁၁၆၀-၁၁၆၆)
၁၆။ စစ်ရဲကျော် (၁၁၆၆-၁၁၆၇)
၁၇။ မြို့ဝန်ဘဦး (၁၁၆၇-၁၁၆၉)
၁၈။ ဒိုင်းဝန်မင်း (၁၁၆၉-၁၁၇၃)
၁၉။ နေမျိုးမင်းကျော် (၁၁၇၄-၁၁၇၅)
၂၀။ နေမျိုးနော်ရထာ (၁၁၇၄-၁၁၇၅)
၂၁။ ရွှေတောင်စန္ဒသူ (၁၁၇၅-၁၁၈၃)
၂၂။ မင်းကြီးကျော်စည်သူ (၁၁၈၃-၁၁၈၆)
(ဦးရွှေလုတ် မှတ်တမ်းကို အခြေပြုရေးသည်။ ထားဝယ်ဒေသဖြစ်ရပ်စဉ်များ စာမျက်နှာ ၁၁)
စာဖတ်သူများရဲ့ ထားဝယ်သားစစ်ကြောင်း ထားဝယ်လူမျိုးစစ်ကြောင်းကို သမိုင်းကပြောပြနေပါပြီ။ သက္ကရာဇ် (၁၁၃)ကနေ (၁၁၈၆) ထိ အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ထားဝယ်ဒေသ မင်းစုစုပေါင်းဟာ (၅၁) ပါးရှိခဲ့ပါတယ်။ သမန္တမင်းရဲ့ ခမည်းတော် မဟာနရိန္ဒ မင်းကိုပါ ထည့်မယ်ဆိုရင် (၅၂) ပါး ရှိခဲ့တယ်ဆိုရမှာပေါ့။
စာဖတ်သူများရဲ့စိတ်ကို ဝေး၀ါးစေမယ့် အချက်များဟာ ထားဝယ်မင်းများသမိုင်းမှာ ရှိနေတယ်ဆိုတာကို စာရေး သူသိပါတယ်။ ထားဝယ်မင်းဆက်များကို ကြည့်လိုက်ရင် မွန် နာမည်များနဲ့တူတယ်လို့ယူဆရတဲ့ နာမည်ပိုင် မင်း များ ပါနေတာကိုတွေ့ရမှာပါ။ တကယ်တော့ နာမည်ဟာ နာမည်ပါပဲ။ မွန်ပိုင် မြန်မာပိုင်ဆိုတာ မရှိလောက်ပါဘူး လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က မွန်နာမည်နဲ့ပေးတယ် မြန်မာနာမည်နဲ့ပေးတယ်ဆိုတာမျိုးလဲရှိမှာ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိပါတယ်။ အေဒီ (၁)ရာစုလောက်ကတည်းက သရေခေတ္တရာနဲ့ အပြိုင်စာရေးအတတ်ကိုပါ ကျွမ်းကျင်နေတဲ့ မွန်များကို အတုယူပြီး ထားဝယ်သားများရဲ့နာမည်ကို မွန်နာမည်အတူ ပေးခဲ့မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူရဲ့သဘာဝကို လေ့လာကြည့်မယ်ဆိုရင် ကိုယ်နဲ့နီးစပ်ရာ နာမည်ကြီးသူများကို အတုယူ ကိုယ်သဘောကျသူရဲ့ နာမည်များကို ယူပြီး ကိုယ့်သားသမီးများကို နာမည်ပေးတတ်တာတွေ့ရတတ်ပါတယ်။ စာပေတစ်ခုကို လေ့လာရင်း နာမည်ပေးတာနဲ့ပတ်သက်ပြီး သိရှိရတဲ့အချက်လေးကိုမျှပါရစေဦး။ နာမည်ပေးတဲ့အခါ မိဘကိုရိုသေလေးစားလို့ ပေးတဲ့နာမည်မျိုးလည်းရှိတတ်သလို အဘိုးအဘွားစတဲ့ ရှေးလူကြီးများရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး နာမည်ရှေ့မှာ တပ်ရင်း ပေးထားတဲ့နာမည်မျိုးလဲ ရှိပါတယ်။ ပြီးတော့ ကိုယ်အားကျ အတုယူရသူများကို မှီပြီး သားသမီးများကို နာမည်ပေးတာမျိုးလဲရှိပါတယ်။ ဒါကိုတော့ အင်္ဂလိပ်မှာ Stage Names လို့ သုံးတာတွေ့ရပါတယ်။ စာရေးတဲ့အခါ ကိုယ့်နာမည် သူများမသိစေချင်လို့ နာမည်ဝှက် သုံးတာမျိုးလဲရှိသလို ခေါ်ရလွယ်အောင် နာမည်ပြောင်ပေးတာမျိုးလဲ ရှိပါတယ်။ အခုခေတ်မှာဆိုရင် အင်တာနက်သုံးတာနဲ့ သုံးနေကျနာမည်ဆိုပြီးရိုက်ရတာကိုပါ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် နာမည်နဲ့ပတ်သက်ပြီး အငြင်းပွားစရာ မရှိလောက်ဘူးလို့ပဲ ယုံကြည်ပါတယ်။ အေဒီ (၁)ရာစုမှာ ကြီးပွားနေတဲ့ မွန်များရဲ့ သြဇာလွှမ်းမိုးခံရမယ့် အဖြစ်ကိုလဲ စာရေးသူလက်ခံပါတယ်။ အင်အားကြီးသူကို အင်အားနဲသူက အားကျရ မှီခိုရတာ ထုံးစံတစ်ခုပဲ့မို့ လား။ ပြီးတော့ အနော်ရထာမင်းကိုယ်တိုင် အနိရုဒ္ဓလို့ နာမည်ကို ပြောင်းခဲ့သေးတာမို့လား။
ဥသြအော်မည် ကုန်းဘောင်တည်လို့ ကုန်းဘောင်မြို့တည်တာနဲ့ ပတ်သက်ပြီး မှတ်ရလွယ်အောင် ကဗျာလေး စပ်ဆိုထားတာကို စာဖတ်သူတို့ ရဖူးကြမှာပါ။ ကုန်းဘောင်ခေတ်ကို သက္ကရာဇ် (၁၁၁၅) မှာတည်ခဲ့တာကို မှတ် တမ်းပြုထားတဲ့ ကဗျာလေးပါ။ အဲဒီ ကဗျာလေးနဲ့ အသံတူ ကဗျာလေးက ဥသြအော်သည် ထားဝယ်တည်ပါတဲ့။ ကုန်းဘောင်ခေတ်နဲ့ ထားဝယ်မြို့တည်တာ (၁) နှစ်ပဲကွာတာကို ဖေါ်ပြနေတယ်ဆိုတာကိုလဲ စာဖတ်သူ အားလုံးသိကြမှာပါ။ ဒါပေမယ့် စာဖတ်သူများ မသိပဲ အလွယ်တကူလက်ခံလိုက်တဲ့ အဖြစ်လေးတစ်ခုလဲ စာဖတ် သူများကြားမှာ တိုးပွားသွားတယ်ဆိုတာကိုရော သတိထားမိကြပါရဲ့လား။ ဥသြအော်သည် ထားဝယ်တည်ဆိုတဲ့ ကဗျာလေးကို ရတဲ့အချိန်ကစပြီး ထားဝယ်များရဲ့စိတ်ထဲစွဲသွားတာကတော့ ထားဝယ်များပေါ်ပေါက်လာတာဟာ သက္ကရာဇ် (၁၁၁၆) ခုနှစ်ပဲဖြစ်တာမို့ ထားဝယ်လူမျိုးဆိုတာမရှိဘူး ထားဝယ်လူမျိုးဆိုတာ မြန်မာလူမျိုးထဲမှာ ပါတယ်လို့ပါပဲ။ သမိုင်းမရှိခဲ့ဘူး သမိုင်းမသိခဲ့ဘူးဆိုရင်တော့ လက်ခံစရာပါ။ ဒါပေမယ့် ဥသြအော်သည် ထားဝယ်တည် ဆိုတဲ့ကဗျာဟာ ထားဝယ်လူမျိုးရဲ့အစဖြစ်ပေါ်လာတာကို ကိုယ်စားပြုတာမဟုတ်ပဲ ထားဝယ်မြို့ တည်ခုနှစ်ကိုပဲကိုယ်စားပြုတာပါ။ ပြီးတော့သက္ကရာဇ် (၁၁၁၅)ခုနှစ်မှာမင်းပြုပြီးထားဝယ်မြို့ (သာယာဝတီ)ကိုအုပ်ချုပ်ခဲ့တဲ့မင်းနဲလှဆိုတာထားဝယ်လူမျိုးကိုကိုယ်စားပြုတဲ့နောက်ဆုံးမင်းတစ်ပါးဆိုတာကိုလဲစာဖတ်သူများရဲ့ရင်ထဲထည့်ထားသင့်ပါသေးတယ်။ဘာကြောင့် ဒီလိုပြောတယ်ဆိုတာကို စာဖတ်သူများ အတိအကျသိချင်ပါသလား။ အပေါ်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း ထားဝယ်လူမျိုးများရဲ့သမိုင်းကို သက္ကရာဇ် (၁၁၃)မှာ နန်းတည်ခဲ့တဲ့ သမန္တမင်းက စတယ်ဆိုတာကို စာဖတ်သူများမှတ်မိမှာပါ။ ကုန်းဘောင်မင်းနဲ့ ခေတ်ပြိုင် နန်းပိုင်ခဲ့တဲ့ မင်းနဲလှ ဟာ ကုန်းဘောင်မင်းလောက် ဘုန်းမတောက်ခဲ့တာကတော့ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အယုဒ္ဓယတို့ ဟံသာဝတီနေပြည်တော်မှာ ထင်ရှားခဲ့တဲ့ ရန်ကုန် (ဒဂုံ)တို့ ကုန်းဘောင်မင်းပိုင်ဖြစ်လာတာကို ထောက်ဆခဲ့မိလို့ပါ။ ဒါကြောင့်လဲ ပဲ ကုန်းဘောင်မင်းဆက်ဖြစ်တဲ့ အလောင်းမင်း ဦးအောင်ဇေယျကို တတိယမြန်မာနိုင်ငံတည် မင်းတစ်ပါးအနေနဲ့ သတ်မှတ်ခဲ့တာပဲ့မို့လား။ အယုဒ္ဓယ ထိတောင်ပိုင်ဆိုင်ခဲ့တဲ့ ကုန်းဘောင်မင်းဟာ သေးငယ်တဲ့ ထားဝယ်ကို ပိုင်မသွားခဲ့ဘူးဆိုရင် မှားတဲ့သမိုင်းပဲဖြစ်မှာပဲ့လေ။ (အယုဒ္ဓယဆိုတာ ယခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ဆို ကားစီးသွားရင် ၃ နာရီလောက် စီးရပါတယ်။ ထိုင်းနိုင်ငံရဲ့ သမိုင်းဝင်မြို့တစ်မြို့ပါ။ အဲဒီမြို့ကို အရင်က မြန်မာဆိုရင် ၀င်ခွင့်မပေးဘူးတဲ့။ မကြာခင်ကာလကမှ ၀င်ခွင့်ပေးတဲ့ မြို့တစ် ဖြစ်ကြောင်းသိရပါတယ်။ ကုန်းဘောင်မင်း တန်ခိုးထွားခဲ့တဲ့ အခြေအနေလေးကို ပြန်သုံးသပ်ကြည့်ဖို့ပါ။)
ကုန်းဘောင်မင်းလက်ထက်မှာ ထားဝယ်မင်းများ ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကျငန်းနဲ့နေဖို့၊ ထားဝယ်လူမျိုးကို ကိုယ်စားပြုတဲ့ ထားဝယ်မင်းတစ်ပါးသီးသန့်ဖြစ်ဖို့ဆိုတာ စိတ်မကူးကောင်းတဲ့အဖြစ်တစ်ခုဆိုရင် စာဖတ်သူများ လက်ခံနိုင်ပါ့မလား။ မင်းသက်(၅)နှစ်ပဲရှည်ခဲ့တဲ့ မင်းနဲလှ (ထားဝယ်လူမျိုးရဲ့နောက်ဆုံးမင်း) အဖြစ်ကို ကြည့်ရင် သိသာလွန်းတယ်ထင်ပါတယ်။ ထားဝယ်လူမျိုးရဲ့နောက်ဆုံးမင်း သက္ကရာဇ်ကိုယူပြီး ဥသြအော်သည် ထားဝယ်တည်လို့ ထားဝယ်များယူငင်သုံးစွဲနေသရွေ့ ထားဝယ်များဟာ မြန်မာလူမျိုးထဲပါတယ်လို့ ယူဆပြောဟောနေသရွေ့ ထားဝယ်သားများဟာ သမိုင်းမကျေသူ၊ ထားဝယ်လူမျိုးတစ်မျိုးရယ်လို့ ဖြစ်လာအောင် စတင်တည်ထောင်ခဲ့တဲ့ ဆင်ဖြူရှင် မဟာနရိန္ဒမင်း (သမန္တမင်း၏ ခမည်းတော်) နဲ့ ထားဝယ်လူမျိုးများ ရှေးလူကြီးလူကောင်းပါလို့ သိအောင် သက္ကရာဇ်ကို တိကျစွာပြနိုင်အောင် မှတ်တမ်းချန်ခဲ့ပေးတဲ့ သမန္တမင်းကို သစ္စာမစောင့်သိရာရောက်နေဦးမှာပါပဲ။ လူသားနဲ့ သစ္စာဆိုတာ တထပ် တည်းသွားနေတာပဲ့မို့လား။ မြတ်နိုးစရာ နှစ်သက်စရာကောင်းတဲ့ သစ္စာတရားကို လက်ကိုင်ထားပြီး ထားဝယ်လူမျိုးပါလို့ ပြောလိုက်ရင် စာဖတ်သူမှာ သိက္ခာကျစရာများဖြစ်သွားရောလာ။ သိက္ခာကျခဲ့မယ်ဆိုရင်တောင် သစ္စာကိုလက်ကိုင်ပြုပြီး ဂုဏ်ရှိစွာ သိက္ခာအကျခံလိုက်ပါ။ သစ္စာတရားဆိုတာ လူသားကိုဘယ်တော့မှ သစ္စာမဖေါက်တဲ့ တရားတစ်ခုပဲ့ဆိုတာကို စာဖတ်သူသိသွားခဲ့မယ်ဆိုရင်…….။ ခုနှစ်နဲ့ အဖြစ်တွေကိုတွေးကြည့်မိတိုင်း နှစ်ထောင်ပေါင်းမက အချိန်တွေက ကျောင်းသွားရင်း စကားပြောသံ၊ အလှူပေးရင်း သာဓုခေါ်သံ၊ လယ်ထဲသွားရင်း မိတ်ဆွေများ အော်ဟစ်သံ၊ ကျူးကျော်သူများကို တွန်းလှန်းရင်း မာန်တင်းသံ စတဲ့ စတဲ့ အသံများကို ကြားယောင်မိပြန်ပါတယ်။ ကြားမိတိုင်းလဲ သစ္စာသိ မျိုးချစ် ထားဝယ်လူကြီးများရဲ့ သတ္တိနဲ့ မျိုးချစ်စိတ်ကိုမှန်း ကြည့်ရင်း ကြက်သီးပါထမိတယ်။ လူနည်းစုဖြစ်တဲ့ ထားဝယ်လူမျိုးများဟာ (၁၁၃) ခုနှစ်ကတည်းကနေ (၁၁၂၁) နောက်ဆုံးမင်း မင်းနဲလှ ထိ လူမျိုးတစ်မျိုးအဖြစ်ရပ်တည်နိုင်အောင် တွန်းလှန်ရုန်းကန်ခဲ့တဲ့ ထားဝယ်သွေးအစစ်ကိုလဲ အားကျမိရဲ့။ တိုင်းရင်းသား လူမျိုးများ အုပ်စိုးခံရတဲ့အချိန်မှာတောင် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ်ဘာသာ၊ ကိုယ်စကား မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ ဇာတိမာန်ကိုလဲ ချီးကျူးမိပါရဲ့။ သစ္စာစောင့်သိခြင်း၊ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးခြင်း၊ ကိုယ့်စကားကို ထိန်းသိမ်းနိုင်ခြင်း စတဲ့ဂုဏ်များဟာထားဝယ်လူမျိုးများရဲ့သင်္ကေတတစ်ခုပဲဆိုရင်စာဖတ်သူများငြင်းလေးမလားပဲ။
သမိုင်းဆိုတာ လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောပဲ့မို့ ကိုယ့်အသက်နဲ့ သွေးကြောကို မစတေးမိဖို့နဲ့ မဖေါက်မိဖို့ တကယ်အရေးကြီး တယ်ဆိုတာ စာဖတ်သူနဲ့ (ထားဝယ်သူ ထားဝယ်သားအားလုံးကိုဆိုလို) နောင်မျိုးဆက်သစ်များကို အသိပေးချင်ပါတယ်။ ရှေးထားဝယ်လူကြီးများ သစ္စာစောင့်ရင်း အမျိုးဂုဏ်ကို စောင့်ထိန်းခဲ့တာမို့ အခုထားဝယ်များ ရှေး ဟောင်းစကားကို သီးသန့်သင်စရာမလိုပဲ အလိုလိုတတ်နေတာကို ဂုဏ်ယူလိုက်ပါ။ ပြီးတော့ နောက်လာမယ့် မျိုးဆက်သစ် များကလဲ စာဖတ်သူများကိုအတုယူရင်း သမိုင်းဆက်ထိန်းသူများဖြစ်အောင် အသိပေးခဲ့ဖို့ဟာ စာဖတ်သူများရဲ့ တာဝန်တစ်ခုပေမို့ တာဝန်သိလို့ တာဝန်ကျေသူများဖြစ်စေချင်ပါတယ်။ နောက်မျိုးဆက်သစ်များ ထားဝယ်သမိုင်းကိုဖတ်ပြီး စာဖတ်သူများဟာ သူတို့ရဲ့အတုယူစရာ ဂုဏ်ယူစရာ ရှေးလူကြီးများအဖြစ်ခံယူ ထိုက်အောင်ကြိုးစားစေချင်ပါတယ်။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ။
စာရေးသူ – ဦးဉာဏ၀ရ (၂၈၊ ၀၉၊ ၂၀၁၂)
0 comments:
Post a Comment