Popular Posts

Tuesday, September 17, 2013

ထားဝယ် = ပျူ

ဆရာဇော် (စိတ်ပညာ)
ကျွန်တော်ရေးထားတဲ့ ခေါင်းစဉ်မှာ အဆို(၂)ခုရှိပါတယ်။ ပထမအဆိုက ထားဝယ်သည် ပျူဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒီအဆိုကို ထားဝယ်သားပညာရှင်တွေကော၊ ထားဝယ်သားတွေကော အားလုံးယုံကြည်ပြီးသား ဖြစ်ပါတယ်။ ဒုတိယ အဆိုကတော့ ထားဝယ်သည် ပျူမဟုတ်၊ ပျူနှင့်အတန်းတည်းတူတဲ့ လူမျိုးတစ်မျိုးလို့ ဆိုလိုပါတယ်။ ဥပမာ တစ်မိတည်းက မွေးတဲ့ ညီအစ်ကို(၇) ယောက်မှာ ပျူကတစ်ယောက်၊ ထားဝယ်ကတစ်ယောက်ဖြစ်တယ်လို့ ဆိုလိုတာပါ။
HistoryofHomeUse
ထားဝယ်ကို အထင်သေးတဲ့သူတွေနဲ့ အကြိမ်ကြိမ်တွေ့ဖူးပါတယ်။ ပြီးတော့ ထားဝယ်သားတွေ ဂုဏ်ယူဖို့ရယ်၊ နောက်လေ့လာလိုသူတွေအတွက် အထောက်အကူဖြစ်ဖို့ရယ်။ ဒီဆောင်းပါးကို ရေးပါတယ်။ သမိုင်းကိုရေးတဲ့အခါ သတိထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက သမိုင်းကို သိတယ်လို့ထင်ကြလို့ပါ။ ပညာရှင်ဆိုတဲ့ သူတွေတောင် အားလုံးကို မပြောနိုင်ပါဘူး။ အတိတ်ကို ဘယ်သူမှ အတိအကျမပြောနိုင်လို့ပါ။
ဒုတိယအချက်အနေနဲ့ သမိုင်းရေးသားပုံကို ပြောလိုပါတယ်။ မြန်မာနိုင်ငံအတွင်း သမိုင်းစာအုပ်တွေများစွာရှိတယ်။ ဘုရားသမိုင်းကစပြီး နိုင်ငံသမိုင်းအထိပါ။ ဒီစာအုပ်တွေကို လေ့လာကြည့်တဲ့အခါ သမိုင်းရေးနည်း(၂) မျိုး တွေ့ရတယ်။ ပထမရေးနည်းက ပြည်သူတွေထဲက ရေးသားတာတွေ့ရတယ်။ ဗုဒ္ဓမြတ်စွာပွင့်တော်မူစဉ်ကနဲ့စပါတယ်။ ဗုဒ္ဓဘာသာတွေပီပီ ဘုရားကို ဦးထိပ်ထားပါတယ်။
ဒုတိယရေးနည်းက အနောက်နိုင်ငံတွေကရေးသားနည်းပါ။ တက္ကသိုလ်တွေ၊ ပညာရှင်ဆိုတဲ့သူတွေ ရေးတဲ့နည်းပါ။ သမိုင်းကို ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယဉ်ကျေးမှုခေတ်၊ ပျူခေတ်၊ ပုဂံခေတ်စသည်ဖြင့် ရေးသားကြတာ တွေ့ရပါတယ်။ ပညာတတ်ဆိုတဲ့သူတွေက ဒီနည်းကို အထင်ကြီးကြပါတယ်။ ဘာလိုရေးရေး၊ သမိုင်းတန်ဖိုးပါဖို့ အရေးကြီးပါတယ်။ ပြည်သူ့အတွက်ဖြစ်ဖို့ လိုပါတယ်။
ကျွန်တော်အထက်မှာ ဖော်ပြခဲ့တဲ့ အဆို (ထားဝယ် = ပျူ) ကို သမိုင်းအထောက်အထားများကို ကိုးကားပြီး အနောက်နိုင်ငံက ရေးသားကြတဲ့အတိုင်း ဖော်ပြပါမယ်။ ပညာရှင်တွေနဲ့ ပြည်သူက ဆုံးဖြတ်ကြပါ။ အမှန်ဘဲဖြစ်ဖြစ်၊ အမှားဘဲဖြစ်ဖြစ် ဝေဖန်ပေးကြပါ။ အားလုံးပါမှ ပိုကောင်းမှာပါ။
ပျူခေတ်ဆိုတာ လွန်ခဲ့သောနှစ်ပေါင်း (၂၂၀၀)ကနေ (၁၉၀၀) ထိ၊ ခရစ်မပေါ်မီ (၂) ရာစုမှ ခရစ်ပေါ်ပြီး (၉) ရာစုအထိလို့ သတ်မှတ်ပါတယ်။ ပျူခေတ်မှာ ထင်ရှားတာက ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တ၊ အခုနောက်ပိုင်း မိုင်းမော၊ ဝတီး၊ တကောင်းစတာတွေ ဖြစ်ပါတယ်။ တရုတ်မှတ်တမ်းတွေအရ ခံတပ်မြို့(၉)မြို့၊ ထင်ရှားကျော်ကြားတဲ့ ဒေသ(၃၂)ခု၊ လူမျိုးစုပေါင်း (၂၉၈) မျိုး၊ အဆက်အသွယ်ရှိတဲ့ ( လက်အောက်ခံလို့လည်း ဆိုပါတယ်) နေရာ(၁၈)နေရာ၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့အကြောင်းတွေ ဖြစ်ပါတယ်။
BeadFoundinThaGaYaOldCity
ပထမအထောက်အထားအနေနဲ့ပြောလိုတာက ထားဝယ်ဒေသမှာ ပျူခေတ် (လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂၀၀) မတိုင် ခင်ကတည်းက လူရှိနေပါပြီ။ ကျောက်ခေတ်သစ်ကာလလို့ သတ်မှတ်နိုင်တဲ့ ကျောက်လက်နက် (၁၀၀) ကျော်
မှတ်တမ်းတင်ထားပါတယ်။ ပြည်သူတွေက မိုးကြိုးသွားလို့သိကြပါတယ်။ ရိုးရာဆေးဆရာတွေက ဆေးကုရာမှာ သုံးနေတုန်းပါ။
ဒီကာလကို ပညာရှင်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀၀၀) ခန့်ကလို့ သတ်မှတ်ပါတယ်။ ဗုဒ္ဓပွင့်တော်မမူခင်နှစ်ပေါင်း (၁၅၀၀) ခန့်ကပါ။ ဒီထက်စောစောကတည်းက လူနေနိုင်ပါတယ်။ သက်သေမရှိသေးလို့ မပြောလိုသေးပါဘူး။ ကျွန်တော်ယုံကြည့်ချက်အရ ဒီထက်စောစောကတည်းက လူနေပါပြီ။
ဒုတိယအချက်အနေနဲ့ ပျူခေတ်ဆုံးတော့ ပုဂံခေတ်ပေါ်လာပါတယ်။ အနောက်တိုင်းနည်းအရ ပုဂံခေတ်ကို အနော်ရထာ (အေဒီ ၁၀၄၄-၁၀၇၇) က စပါတယ်။ ထားဝယ်မှာ ပုဂံခေတ်အထောက်အထားတွေ များပါတယ်။ (၁) အနော်ရထာ မင်းကြီးရဲ့ အုတ်ခွက်ဘုရားကို ရှင်မော်မှာတွေ့တယ်၊ (၂) ကျန်စစ်သားမင်းရဲ့ ထားဝယ်မြို့စားတွေရဲ့ အုတ်ခွက်ဘုရားတွေ မုတ္တီးမှာ တွေ့ရပါတယ်။ စာအရေးအသားနဲ့ပါ။ (၃) စည်သူ(၂) ရဲ့ ဓမ္မရာဇိက ကျောက်စာ(ခရစ် ၁၁၉၆)မှာ ထားဝယ်ကို ပိုင်ကြောင်းဖော်ပြထားပါတယ်။ ပုဂံခေတ် (အနော်ရထာလက်ထက်) မှ ထားဝယ်က တည်ထောင်တာ မဟုတ်ဘူး၊ မြို့ပြတည်ထောင်ဖို့ အနည်းဆုံးနှစ်(၂၀၀) လိုပါတယ်။
ဒါကြောင့် ပျုခေတ်ရဲ့အရှေ့ဖြစ်တဲ့ ကျောက်ခေတ်သစ်ကာလ၊ ပျူခေတ်ရဲ့အနောက်ဖြစ်တဲ့ ပုဂံခေတ်ကာလတွေမှာ ထားဝယ်မှာ လူရှိနေပြီဖြစ်ပါတယ်။ အခုဆက်ပြီး ပျူခေတ်ကာလအထောက်အထားတွေ ပြောပါမယ်။
ပညာရှင်တွေရဲ့အဆိုအရ ပျူယဉ်ကျေးမှုလက္ခဏာ (၁၁)ချက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအချက်တွေအတိုင်း ထားဝယ်မှာ (၁)တစ်တောင်အုတ်လို့ ခေါ်တဲ့ အုတ်ချပ်ကြီးတွေ၊ လက်ရေးစင်းပါအုတ်တွေ၊ စာပါတဲ့အုတ်တွေ တွေ့ရပါတယ်၊ အထူးသဖြင့် သာဂရမြို့ဟောင်းမှာပါ။ (၂) အရိုးအိုးဓလေ့၊ (၃) သီရိဝစ္ဆနဲ့ ဘဒ္ဒပီဌတံဆိပ်ပါတဲ့ ဒင်္ဂါး၊ (၄) ပျူခေတ်လက်ရာ အုတ်ခွက်ဘုရား၊ (၅) မြေပုတီးစေ့တွေနဲ့ အလှဆင်ပုတီးတွေ၊ နွားရုပ်၊ ဆင်ရုပ်ပုံပါတဲ့ တံဆိပ်တုံးတွေ၊ (၆) ခရစ်နှစ်(ရ၅၁) ခုနှစ် (ကောဇာသက္ကရာဇ် ၁၁၃ ခုနှစ်) မှာ တည်ပြီးအဝိုင်းပုံရှိတဲ့ သာဂရမြို့ဟောင်းတွေ ဖြစ်ပါတယ်။
စာပေအထောက်အထားတွေကတော့ မြန်မာ့သမိုင်းတွေမှာ ပျူ(၁၂)ပြည်ထောင်ရှိပြီး တနင်္သာရီပျူ (မြို့တော် ထားဝယ်) လို့ ဆိုပါတယ်။ မှန်နန်းရာဇဝင်တော်ကြီးမှာ ပျူတွေ(၃)စု ကွဲကြတယ်၊ ရခိုင်ဓည၀တီ၊ တနင်္သာရီ၊ ထားဝယ်ကို ရောက်ကြောင်းဆိုတယ်၊ ဇဗ္မူကွန်ခြာကျမ်းမှာလည်း ဒီအတိုင်းဆိုပါတယ်။ ရခိုင်ရာဇဝင်တွေက ဓညဝတီခေတ်ကို ခရစ်မီ ၃၃၂၅ နှစ်မှ ခရစ်ပေါ်ပြီး ၃၂၆ နှစ်ထိလို့ ဆိုပါတယ်။
လောကဟိတရာသီကျမ်းမှာ လူမျိုး (၁၀၁)ပါး စာရင်းရှိပါတယ်။ မြန်မာ(၇) မျိုးရှိပြီး မြန်မာ၊ ပျူ၊ ကမ်းယံ၊ ယော၊ ရခိုင်၊ တောင်သူ၊ ထားဝယ်လို့ ဖော်ပြပါတယ်၊ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်း(အတွဲ-၂) မှာ မူကွဲ(၅)မျိုး တွေ့ရပါတယ်။ မူကွဲ(၅)မျိုးမှာလည်း ပျူနဲ့ထားဝယ်ကို ဖော်ပြထားပါတယ်။ ၁၉၆၅ ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားလမ်းညွှန် စာအုပ်ပါ လူမျိုး (၆၉) မျိုး စာရင်းတွင် ဗမာထားဝယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံခြားမှတ်တမ်းတွေအနေနဲ့လည်း ရှိပါတယ်။ တရုတ်မှတ်တမ်းတွေမှာ ဖှူးကန်တူးလု(ပုဂါမဒွါရ)၊ တွန်ယွှန်၊ ချီ- ယယ်န်ထော်ဝမ်၊ နို့ထော်ဝမ်၊ထော်ဝမ်လို့ ဆိုပါတယ်၊ ဆရာကြီးဦးရည်စိန်က ထော်ဝမ်ဆိုတာ ထားဝယ်နဲ့ နီးစပ်တယ်။ ထားဝယ်လို့ ယူဆခဲ့ပါတယ်။ အိန္ဒိယမှတ်တမ်းတွေ သုဝဏ္ဏဘူမိ (ရွှေမြေ) ဆိုတာ ထင်ရှားပါတယ်။
နိုဝင်ဘာ(၃၀) ရက်၊ ဒီဇင်ဘာ(၁) နှင့်(၂)ရက်တွေမှာ ထွန်းဖောင်ဒေးရှင်းက စပွန်ဇာပေးပြီး ရန်ကုန်မြို့ မြန်မာနိုင်ငံဘဏ်များအသင်းမှာ ပျူလူမျိုးနှင့် ပျူနိုင်ငံ တော်စာတမ်းဖတ်ပွဲကို ကျင်းပပါတယ်။ ဒီစာတမ်း ဖတ်ပွဲမှာ ကျွန်တော်က အထက်ဖော်ပြပါအချက်အလက်တွေကို အကျယ်ရေးသားပြီး ဖတ်ကြားခဲ့ပါတယ်။
ကျွန်တော့်အဆိုပြုချက်ဖြစ်တဲ့ ထားဝယ်သည် ပျူဖြစ်သည် (သို့) ထားဝယ်သည် ပျူနှင့်ညီအစ်ကို တော်သည်ဟူသော အကြောင်းကို ဆက်လက်ဖော်ထုတ်ရန် လိုအပ်နေပါသည်။  ဆက်လက်သုတေသနလုပ်ဖို့ လိုပါတယ်။ ကျွန်တော်အနေနဲ့ကတော့ အသက်ရှိနေသမျှ ဆက်လက်လုပ်နေမှာဖြစ်ပါတယ်။ ထားဝယ်ပြည်သူများအနေနဲ့လည်း ဝိုင်းဝန်းဖော်ထုတ် ထိန်းသိမ်းစေလိုပါတယ်။ ဝေဖန်ပေးကြပါ။ ကူညီကြပါလို့။      ။
ဖိုးဇော် (ထားဝယ်) Facebook မှ ကူးယူဖေါ်ပြသည်။

0 comments:

Post a Comment