Popular Posts

Sunday, September 29, 2013

မှတ်သားဖွယ်စာစုများ (၁)(အရှင် ဆန္ဒာဓိက)


" ဆဲဆိုတာသူ့အလုပ် ၊
သည်းခံတာ ကိုယ့်တာဝန်။
ကဲ့ရဲ့တာ သူ့အလုပ်၊
သည်းခံတာ ကိုယ့်တာဝန်။ "

" ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ။
စိတ်မှာ အသိဥာဏ်နည်းရင် ရိုင်းတယ်။
စိတ်ထဲမှာ အသိဥာဏ်များရင် ယဉ်ကျေးတယ်။ "



"အပြစ်ကို ကဲ့ရဲ့တာနဲ့၊
လူကို ကဲ့ရဲ့တာ ခွဲခွဲခြားခြား
သိတတ်ကြရင် ကဲ့ရဲ့မှုက
လွတ်မယ်"


ပါရမီဖြည့်ဖက်
သံယောဇဉ်ကြောင့်ပဲ တစ်ယောက်က တစ်ယောက်ရဲ့
ပါရမီဖြစ်သွားရတာပေါ့။တကယ်တော့ အတိတ်က
ပါရမီဖြည့်ဖက်ဖြစ်ခဲ့ကြလို့လည်း ဒီဘဝမှာ ပြန်ဆုံတွေ့ကြ
ပြန်ချစ်ကြနဲ့ ကုသိုလ်တွေအတူပြန်ပြု ဖြစ်ကြတာပါပဲ။


အချစ်ဥပဒေ
ကိုယ့်မှာ "ချစ်တယ်"လို့ တရားဝင်ဖွင့်ပြောပြီးသား ချစ်သူရှိပါလျက်
တခြားတစ်ယောက်နဲ့အီစီကလီလုပ်တာမျိုး၊ ဘာလိုလို ညာလိုလို
ရောတာမျိုးရှောင်ကြဉ်ရပါမယ်။
အဲဒီကံအကျိုးပေးတဲ့ဘဝ သေချာပေါက် အချစ်ကံခေနေမှာပါ။
ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက် စိတ်အနှောက်အယှက်ဖြစ်စေမယ့်
 အချစ်ဥပဒေနဲ့ ငြိစွန်းတဲ့ အပြောအဆို၊ အပြုအမူမှန်သမျှ
လုံးဝကင်းရှင်းအောင် နေထိုင်ကြရပါမယ်။
ကိုယ်နဲ့၊ နှုတ်နဲ့မက စိတ်နဲ့ပါရှောင်နိုင်လေ အချစ်ကံကောင်းလေပါပဲ။

သံယောဇဉ်ဝေဒနာ
 သံယောဇဉ်ရဲ့ နောက်ဆက်တွဲ ဝေဒနာတွေက
အင်မတန် အခံရခက်ပါတယ်။
ပင်ပန်းဆင်းရဲမွန်းကျပ်လိုက်တာ မပြောပါနဲ့တော့။
သံယောဇဉ်ကြီးလေ ပူလောင်လေ၊ သံယောဇဉ်ခိုင်လေ
ပိုတင်းကျပ်လေပါပဲ။
သံယောဇဉ်နဲ့ ပက်သက်တဲ့စိတ်ဒုက္ခတွေ လုံးဝမခံစား
ချင်တော့ဘူး။
အဲ့ဒါကြောင့်ဘုန်းကြီးဝတ်ဖြစ်သွားတာပါပဲ။

မေ့သူနဲ့မမေ့သူ
မမေ့တဲ့သူတွေက သံယောဇဉ် ဖြတ်နိုင်ကြတယ်
မေ့တဲ့သူတွေက သံယောဇဉ် မဖြတ်နိုင်ကြဘူး။

ဒါတွေမသိခဲ့လို့ နောင်တမရစေချင်
တစ်ယောက်နဲ့တစ်ယောက် တစ်ကယ်ချစ်ပြီဆိုရင်
တစ်ဖက်သားကို နေရာတကာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
လိုက်ဖြစ်စေချင်လို့ ရပါ့မလား။ မရဘူး။
နားလည်ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ရမယ်၊
လိုက်လျောသင့်တာကို လိုက်လျောရမယ်။
တစ်ကယ့်ကို ဆိုးပြစ်တွေ ဖြစ်မယ့်ဟာဆိုရင်တော့
မဖြစ်မနေ တားဆီးရမှာပေါ့။

အချစ်တဏှာမရှိအောင် မေတ္တာသတိဆောင်
သံယောဇဉ်နဲ့ သတိရခြင်းဆိုတာ အင်မတန်ပူလောင်ပါတယ။်
ဒါဆိုရင် သံယောဇဉ်ဆိုတာ ဖြတ်သင့်သား၊ မဖြတ်သင့်ဘူးလား၊ ဖြတ်သင့်တယ်။
ဖြတ်သင့်တယ်ဆိုပြီးတော့ ကွာရှင်းပြတ်စဲရမှာ မဟုတ်ဘူးနော်။
စိတ်ထဲမှာ ရှိနေတဲ့ သံယောဇဉ်ဓာတ်တွေကို ပါးသည်ထက်ပါးသွားအောင်
ကြိုးစားရမှာ။
သံယောဇဉ်နေရာမှာ မေတ္တာကို အစားထိုးရမှာ။
သံယောဇဉ်နေရာမှာ သဒ္ဒါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ
သူတော်ကောင်းဓာတ်တွေ အစားထိုးရမှာ။

သောက
စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ
ကန်ထရိုက်ဆွဲထားတတ်တဲ့ ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။
စိတ်ချမ်းသာခြင်းကတော့ စိတ်ဓာတ်ခိုင်မာသူတွေရဲ့
မူပိုင်ရတနာထုပ်ကြီးတစ်ခုဖြစ်ပါတယ်။

ကြိုးစားကြည့်ပါလား?
အကျိုးကောင်းကောင်း လိုချင်တဲ့စိတ်နဲ့ မကြိုးစားပါနဲ့
အကြောင်းကောင်းကောင်း လုပ်ချင်တဲ့စိတ်နဲ့ ကြိုးစားပါ။

ခိုင်မြဲတဲ့မေတ္တာ
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သတိမမေ့ရင်
အမှန်တကယ် ထိတွေ့နေတာပါပဲ။
အပြင်မှာ တွေ့နေဖို့ထက်
ရင်မှာထိတွေ့နေဖို့က ပိုအရေးကြီးပါတယ်။
ခိုင်မြဲတဲ့ မေတ္တာဓာတ်ကသာ လူတစ်ယောက်နဲ့တစ်ယောက်ကို
အမှန်တစ်ကယ် နီးကပ်စေတာပါ။

အချစ်တွေမလျော့ချင်အောင်နေပါ
ကိုယ့်ကိုသိပ်ချစ်တဲ့သူကလည်း
ကိုယ့်ရဲ့ကိုယ်ကျင့်သီလချွတ်ယွင်းမှု
တစ်ခုခုကို မြင်တွေ့သွားတာနဲ့
အချစ်ပေါ့၊ အချစ်လျော့သွားနိုင်ပါတယ်။
လူဆိုတာ ကိုယ်ကသာ သီလမလုံရင်နေမယ်
သူတစ်ပါးသီလလုံတာကိုတော့
လူတိုင်းကြိုက်နှစ်သက်ကြတာပါပဲ။

ကမ္မနိယာမ
သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်းကွဲမှာပါပဲ ဒါဟာသေချာတဲ့ ကမ္မနိယာမပါ။
သူများချစ်ခြင်းခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ
အချစ်ကံခေတတ်ပါတယ်။

ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်
ကိုယ့်ဘက်ကဘယ်လောက်ကောင်းကောင်း ကိုယ့်ကိုအကောင်းမထင်
ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူမနေရ၊ မိဘမေတ္တာဆိုတာ ခံစားခွင့်မကြုံ၊
ညီအစ်ကိုမောင်နှမအချင်းချင်းမတည့်၊ ဆွေမျိုးတွေကတစ်ကိုယ်ကောင်းဆန်၊
သူငယ်ချင်းတွေ အပေါင်းအသင်းတွေက မိတ်ဆွေကောင်းမပီသ၊
ဒါတွေအားလုံးက အချစ်ကံခေတာတွေချည်းပါပဲ။

နှလုံးလမ်းကြောင်းကကျွန်း
နှလုံးလမ်းကြောင်းမှား ကျွန်းခံနေတယ်လို့
ဟစ်အော်ကြွေးကြော်နေတာဟာ
အတိတ်ဘဝတွေက အချစ်ရေး အိမ်ထောင်ရေးတွေမှာ
သစ္စာပျက်ယွင်းခဲ့ပါတယ်၊
ကိုယ့်ကျင့်တရားဖောက်ပြန်ခဲ့တယ်လို့
ထုတ်ဖော်ဝန်ခံနေတာပါပဲ။

လိုချင်ပြီး မပေးချင်သူ
 ကိုယ်ကပဲ မေတ္တာအပြည့်လိုချင်ပြီး ကိုယ့်ဘက်ကတော့
မေတ္တာအပြည့် မပေးချင်ဘူးဆိုရင်တော့.......
အကြောင့်အကျိုး မညီညွတ်တဲ့အတွက်
ကိုယ်လိုချင်တဲ့ အချစ်ကံကောင်းခြင်းကို
ဘယ်တော့မှရမှာမဟုတ်ဘူး။
ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ဘက်ကအရင်ပေးရမယ်ဆိုတဲ့
ကမ္မနိယာမကို လုံးဝမမေ့လိုက်ပါနဲ့။
 အရှင်ဆန္ဒာဓိက

0 comments:

Post a Comment