Popular Posts

Monday, September 2, 2013

လူမျိုး စကားနဲ့ စာပေ

မြန်မာနိုင်ငံမှာ လူမျိုး (၁၃၅) မျိုးရှိကြောင်း မှတ်သားရပါတယ်။ စာရေးသူအနေနဲ့ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ (၁၃၅) မျိုးလုံးကို ရေပြပါဆိုရင် မရေတတ်ဘူးလို့ပဲပြောရမှာပါ။ ဒါပေမယ့် လူမျိုးကြီးအုပ်စုကိုတော့ မြန်မာ၊ ကရင်၊ ကယား မွန်၊ ချင်း၊ ရခိုင် စသည်ဖြင့် ငယ်ငယ်က ကြားဖူးထားတာမို့ ရေးတတ်နေပါတယ်။ ဒါဆို ထားဝယ်ဆိုတဲ့ လူမျိုးကိုရော ဘယ်အုပ်စုထဲထည့်ရမှာပါလိမ့်? မေးသင့်တဲ့မေးခွန်းလေးပါပဲ။ များသောအားဖြင့် ထားဝယ်အတော်များများဟာ ထားဝယ်လူမျိုးဆိုတာ မြန်မာထဲမှာပါတာပေါ့လို့ ပြောမှာကို ကြားယောင်နေပါသေးတယ်။ စာရေးသူကိုယ်တိုင် ငယ်ငယ်က ထင်ခဲ့ဖူးတဲ့ အထင်မျိုးပါပဲ။ ဒါကလဲ အမှားများလို့ အမှန်ထင်ခဲ့တဲ့ အထင်တစ်ခုပါ။ သာဂရမြို့ဟောင်း (တနင်္သာရီတိုင်းသူ/တိုင်းသားများ စုံစည်းရာ Facebook မှ ကူးယူဖေါ်ပြသည်။)“ထားဝယ်လူမျိုးများသည် ရှေးကျသော တိုင်းရင်းသားတစ်မျိုးဖြစ်သည်၊ ရှေးပဝေသဏီကပင် တိုင်းပြည် မြို့ပြ ထီးနန်းနှင့်တကွ ထားဝယ်စကားပြောသည့် ထားဝယ်လူမျိုးဟူ၍ ရှိနေသည့်အဖြစ်ကြောင့် ထားဝယ်စကားဟု တစ်ဘာသာ မြန်မာစကားနှင့် လုံးလုံးကွဲ၍လည်းကောင်း စကားတူအသံဝဲ၍လည်းကောင်း ယနေ့တိုင်ပြောနေကြသည်” ဟု ၁၉၇၁ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ (၅) စာမျက်နှာ(၂၀၂) ဖေါ်ပြချက်ကို သိရတော့မှ ထားဝယ်လူမျိုးများဟာ မြန်မာအုပ်စုထဲမှာ မပါတဲ့ ထားဝယ်တိုင်းရင်းသား စစ်စစ်ဖြစ်တယ်ဆိုတာကို သိရပါတော့တယ်။ အရင်က အမှားကို အမှန်ထင်ခဲ့တဲ့အရာဟာ မြန်မာ့စွယ်စုံကျမ်းကြောင့် ပျက်ပျယ်သွားပြီဆိုရင်လဲ မှန်မယ်ထင်ပါတယ်။ အမှားကိုပယ် အမှန်ကိုတကယ်သိခွင့် ရလိုက်တဲ့အတွက် ရင်မှာဖြစ်ပွားရတဲ့ ပီတိကတော့ အတိုင်းအဆမဲ့ပါပဲ။ သူများအပြောနဲ့ အမှောင်ကျခဲ့တဲ့ အသိကို အခုတော့ အလင်းနဲ့ဖွင့်ခွင့်ရလိုက်လို့ ၀မ်းသာလို့ မဆုံးခဲ့ဘူးဆိုရင်ကော မှားမယ်တဲ့လား။ ဒါဆိုရင် ထားဝယ်လူမျိုးဆိုတာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်ဆိုတာ လုံးဝသေချာနေပြီပေါ့။ အမေရိက ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးကလဲ တအားတက်စေပါတယ်။ ပြောတာလေးက ဒီလိုပါ။ မြန်မာနိုင်ငံ ဟာ လူမျိုးစုံ တိုင်းရင်းသားတွေနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်စုကြီးတစ်ခုဖြစ်ပါကြောင်း၊ မြန်မာကတော့ အုပ်စုကြီးတဲ့ တိုင်းရင်းသားတစ်မျိုးပင်ဖြစ်ကြောင်း ပြောခဲ့တာပါ။ ဒါဟာလဲ မသိပဲ ရမ်းပြောတဲ့ စကားမဟုတ်လောက်ဘူးဆိုတာကိုလဲ ယုံကြည်နေပါတယ်။ ယုံကြည်မှုတွေပိုမို ခိုင်မာလာအောင် သမိုင်းလေးကို တချက်လောက်ငဲ့ကြည့်စေချင်ပါတယ်။ ပေါ့လို့ လျော့ခဲ့ရသလို ပေါ့လို့ ပျက်ခဲ့ရတဲ့အဖြစ်တွေဟာလဲ မြန်မာသမိုင်းမှာ အထင်အရှားရှိနေပါတယ်။ မြန်မာအရင်ပေါ်ခဲ့တဲ့ ပျူနဲ့ သရေခေတ္တရာ အကြောင်းလေ့လာရင် သိသွားရမဲ့အဖြစ်ပါ။ စာရေးသူအနေနဲ့ ရဲရဲကြီးပြောနိုင်တာကတစ်ခုတော့ ရှိပါတယ်။ ဒါက မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ လူမျိုးတွေထဲမှာ ထားဝယ်လူမျိုး ထားဝယ်တိုင်းရင်းသားဆိုတာ အရင်ကလဲရှိခဲ့ကြောင်း အခုလဲရှိနေဆဲဖြစ်ကြောင်းပါပဲ။ မြန်မာထဲမှာ ပါဝင်တဲ့ လူမျိုးတစ်မျိုးမဟုတ်ဘူးဆိုတာကိုလဲ သေသေချာချာကြီးသိနေပါတယ်။ စာဖတ်သူများရော ဘယ်လိုထင်ပါသလဲ? လေ့လာကြည့်ပါ။ ပြောတဲ့အတိုင်း ယုံကြည်ရမယ်လို့ မဆိုလိုပါဘူး။ ခေတ်မီတဲ့ ကာလမှာ မွေးဖွားလာသူများဟာ ပြောစကားကို အရမ်းယုံရမဲ့အခြေအနေ မရှိတော့ပါဘူး။ သိအောင်လုပ်ဖို့နဲ့ အမှန်ကို ရဲရဲယူတတ်ဖို့ပဲရှိပါတယ်။ ဘာဖြစ်လို့ ထားဝယ်လူမျိုးများဟာ လူမျိုးတစ်မျိုး တိုင်းရင်းသားတစ်မျိုးအဖြစ် တည်ရှိနေတယ်ဆိုတာကို ပြောရဲတယ်ထင်ပါသလဲ? စာဖတ်သူများသာ ထားဝယ်စစ်စစ်ဆိုရင် သာဂရမြို့ဟောင်း (ယခု မြို့ဟောင်းရွာ) ကို ရောက်ဖူးသင့်တယ်ထင်ပါတယ်။ ပြီးတော့ သာဂရမြို့ဟောင်းမှာ ရှင်ဇလွန် စေတီတစ်ဆူရှိတယ်ဆိုတာကိုပါ ကြားဖူးကြမှာပါ။ စေတီ တော်ရဲ့ခေါင်းလောင်းပုံပတ်လည်မှာ အင်္ဂတေနဲ့ပုံဖေါ်ထားတဲ့ သီရိဝစ္ဆ အမှတ်အသားများကို သတိထားဖူးပါသလား? အဲဒီအမှတ်အသားများဟာ အိန္ဒိယနိုင်ငံမှာ ထွန်းကားခဲ့တဲ့ ဗြဟ္မဏ၀ါဒ၊ ဗုဒ္ဓ၀ါဒ၊ ဇိန (ဂျိန်း)၀ါဒတို့တွင် အထွတ်အမြတ် ထားသော ဘာသာရေးဆိုင်ရာ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ ရှေးကျတဲ့အမှတ်အသားနဲ့ တည်ငြိမ်စွာ ရပ်ပြီး အေးချမ်းတဲ့အရိပ် နူးညံ့တဲ့အသိများကို ပေးနေတဲ့ ရှင်ဇလွန်စေတီကို အေဒီ (၇၈၈) မှာ တည်ထားခဲ့တယ်ဆိုတဲ့ သက်သေတစ်ခုက ထားဝယ်လူမျိုးများ ကိုယ်ပိုင်ယဉ်ကျေးမှုကို ပိုင်ဆိုင်ပြီး ဗုဒ္ဓဘာသာကိုစောစွာ ကိုးကွယ်ခဲ့တယ်ဆိုတာကိုပါ ပြောပြလျက်ရှိပါတယ်။ ဒါ့တင်ပဲ့လား။ အေဒီ (၇) ရာစုမှ အထိမ်းအမှတ်များကို ထိန်းသိမ်းထားပါတယ်ဆိုတဲ့ ကော့ဂွန်းဂူတွင် လှူဒါန်းထားတဲ့ မြေပုံဘုရားတွင်ပါရှိတဲ့ ဒါယကာ ဒါယိကာမများ အမည်၌ ယိခီ ထ၀ယ်စားသံဗျင်နှင့် ထားဝယ်မြို့စားလို့ မှတ်တမ်းတင်ထားတာကိုက ထားဝယ်လူမျိုးများ မြန်မာနိုင်ငံ၌ စောစွာခြေချခဲ့သူများဆိုတာကိုပါ ထပ်ဆင့်အသိပေးလျက်ရှိပါတယ်။ စာဖတ်သူများ လက်ခံဖို့ခက်ခဲနေတုန်းပဲ့လား။ ဆက်လက်ဖတ်ရှုပါဦး။ ထန်မင်းဆက် သမိုင်းတွင်းပါရှိတဲ့ အေဒီ (၇၅၆) နှောင်းပိုင်း၏ ပျူခေတ် ကာလအခြေအနေကို ဖေါ်ပြတဲ့နေရာမှာ ဒီလိုလေးပြောပြထားပါသေးတယ်။ ထော်ဝမ်၏ ရှေးဟောင်းအသံ ထွက်သည် Da-Van နှင့် နီးစပ်ပါသည်။ ထိုနေရာသည် ဒွါရာဝတီနှင့် ဆက်စပ်သည် ဟုဆိုထား၍ ဒ၀ယ် (ထားဝယ်) ဟုဆိုလျင် သင့်မည်ထင်ပါသည်။ စွေမင်းဆက်သမိုင်းကလည်းကောင်း ထန်မင်ဆက်သမိုင်းကလည်းကောင်း ခမာသည် စမ္ပါနှင့် ထော်ဟွမ် (ထားဝယ်) တို့နှင့် အကြိမ်ပေါင်းများစွာ စစ်ဆင်ခဲ့သည် ဆိုသည်ဟု ပါရှိခဲ့သည်။ နောက်တစ်နေရာတွင် အနိရုဒ္ဓနှင့် မင်းအဆက်ဆက်တို့ အနီးအပါးကိုချဲ့ထွင်သိမ်းသွင်းသည့်အခါမှ ပေါ်ပေါက်ရာအကျယ်အ၀န်းကား မြောက် ကောင်စင်မှ တောင်တလိုင်သရေနှင့် ထ၀ဲ အထိဖြစ်သည်ဟု ဖေါ်ပြထားခြင်းပင်။ ဒီသမိုင်းမှတ်တမ်းများဟာ မြန်မာ့မြေပေါ်မှာ လူမျိုးတစ်မျိုးဖြစ်ရပ်တည်ခဲ့ရုံမက ကိုယ်ပိုင်စကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုပါ ထိန်းသိမ်းထားနိုင်သူတို့အဖြစ် ဖေါ်ပြလျက်ရှိပါတယ်။ ဒါကြောင့် မြန်မာနဲ့မတူ ထားဝယ်လူမျိုးများ တကယ်ရှိခဲ့တယ်ဆိုတာကို ပြောရဲခဲ့တာပါ။ ထားဝယ်လူမျိုးများကရော ကျနော်တို့ဟာ ရှေး ကျလွန်းမက ရှေးကျတဲ့ ရှေးဟောင်းစကားများကို သမိုင်းစဉ်လာမပျက်ပြောနေတဲ့ ထားဝယ်သားများပါဗျာလို့ ပြော ရဲတဲ့သတ္တိ မရှိကြဘူးလား။ ထားဝယ်လူမျိုးပါလို့ရော လူရှေ့မှာ ပြောရမှာ ရှက်ကြောက်နေတုန်းပဲ့လား။ သမိုင်းမရှိလို့ ရှက်ကြောက်နေတယ်ဆိုရင် လက်ခံနိုင်ပေမယ့် သမိုင်းအတိအကျရှိလျက်နဲ့ ရှက်နေတယ် ကြောက်နေတယ်ဆိုရင်တော့ စာဖတ်သူဟာ ထားဝယ်စကားပြောတဲ့ ထားဝယ်သားတော့ မဟုတ်လောက်ပါဘူး။ မြန်မာစကားပြောတဲ့ မြန်မာများပဲဖြစ်မှာပါ။ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စကားကို တန်ဖိုးမထားသူရယ်လို့ ရှိမယ်မ ထင်ပါဘူးလေ။ သမိုင်းအခိုင်အမာရှိနေတဲ့ လူမျိုးတစ်မျိုးဖြစ်နေတာမို့ ထားဝယ်သားပါလို့ ထားဝယ်စကားနဲ့ ရဲရဲကြီးပြောပြလိုက်ပါ။ အထင်သေးစကားနဲ့ ပြောလာခဲ့မယ်ဆိုရင်လဲ ပြောသူကို သမိုင်းမသိသူတစ်ယောက်အဖြစ် စာနာစွာနဲ့ နားလည်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်သူကိုယ်တိုင် ရှေးဟောင်းလူကြီး ဖြစ်နေလို့ပါပဲ။ လူကြီးဖြစ်ရင် လူကြီးလူကောင်းပီသဖို့ လိုအပ်လို့ပါ။ လူမျိုးရယ်လို့ဖြစ်လာပြီဆိုရင် စကားဟာ အဓိကအခန်းကဏ္ဍမှာရှိနေတယ်ပြောရင် စာဖတ်သူများလက်ခံနိုင်ပါ့မလား? စကားမရှိပဲ လူမျိုးဖြစ်လာတဲ့လူဆိုတာ ကမ္ဘာမှာရှိနိုင်ပါ့မလား။ ခေတ်နဲ့အညီမွေးဖွားပြီး ပြေးလွှားနေတဲ့ လူသားများအတွက် လေ့လာဖို့ အခွင့်အရေးအများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့။ ထားဝယ်လူမျိုးများဟာ မြန်မာတိုင်းရင်းသားတွေ မသုံးတဲ့ အသုံးအနှုံး မပြောတဲ့စကားလုံးကို ရှေးခေတ်မှသည် အခုထိ ပြောနေတယ်ဆိုတကို ထားဝယ်သားတစ်ယောက်ဖြစ်တဲ့ စာရေးသူကောင်းကောင်းကြီးသိပါတယ်။ လေ့လာလို့သိရတာပါ။ စကားတစ်ချို့တူရုံနဲ့ လူမျိုးတူသွားရတဲ့အဖြစ်ဆိုတာ မရှိလောက်ပါဘူး။ အဲလိုသာဖြစ်သွားခဲ့မယ်ဆိုရင် မြန်မာတစ်မျိုးလုံး အင်္ဂလိပ်လူမျိုးဖြစ်သွားမှာ အသေအချာပါပဲ။ စာဖတ်သူ မျက်စိလည်သွားပါသလား? တစ်ချက်လောက် အာရုံစိုက်ပြီးဖတ်ကြည့်ပါဦး။ မြန်မာလူမျိုးများပြောနေတဲ့စကားထဲမှာ ကွန်ပျူတာ၊ ဖုန်း၊ ကား၊ ဆိုင်ကယ် စတဲ့ စကားတွေပါနေပါတယ်။ ဒါဟာ ကိုယ့်စကားမှာမရှိတဲ့ စကားတစ်ခုကို အလွယ်တကူမွေးစားတဲ့ သဘောတစ်ခုပါပဲ။ ဘာသဘောမှမဟုတ်ပါဘူး။ ဆိုပါစို့။ ကွန်ပျူတာ ဆိုတဲ့အင်္ဂလိပ်စကားကို မွေးစားတာမျိုးမလုပ်ပဲ မြန်မာလိုနဲ့ တိုက်ရိုက်ဘာသာပြန်ကြည့်ပါ။ အတော်ခက်တာကို စာဖတ်သူများတွေ့ရပါလိမ့်မယ်။ မွေးစားပြီးပြောရုံနဲ့ အဲဒီ လူမျိုးဖြစ်သွားတယ် လူမျိုးထဲမှာ ပါတယ်ပြောရင် စာဖတ်သူအပါအ၀င် ဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းကိုမလေ့လာတဲ့ ထားဝယ်များကတော့ တစ်မျိုးတွေးတာကို ၀မ်းနည်းစွာတွေ့ရပါတယ်။ ထားဝယ်လူမျိုးဆိုတာ မြန်မာစကားကို အသံမပီပဲပြောတဲ့ လူတွေမို့ မြန်မာထဲမှာပါတယ်ဆိုတဲ့အတွေးကို ဘိုးဘွားလက်ထက်ကတဲကယူလာတာမို့ မျိုးဆက်သစ်လူသားများဟာလဲ အလွယ်တကူပဲ လက်ခံသွားပါတော့တယ်။ တစ်ချက်လောက် လေ့လာကြည့်ပါ ထားဝယ်တို့။ ကိုယ်ပိုင်စကားကို အရင်သုံးခဲ့သူများဟာ ဘယ်သူတွေလဲဆို တာကိုပါ။ ၁၉၆၀၊ ၁၉၆၁ ခု တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းမှာ ဖေါ်ပြချက်လေးကို ဖတ်ကြည့်လိုက်ပါဦး။ မြန်မာနိုင်ငံတွင် ပထမဆုံးမြို့ပြ ထီးနန်းများ တည်ထောင်ခဲ့ကြသော ပျူများ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဒီလိုဖေါ်ပြထားပါတယ်။ “ဘာသာစကားအနေဖြင့် တိဗက်-မြန်မာ (Tibeto-Burma) စကားဖြစ်ကြောင်း ရဲရဲ ပြောနိုင်သည်၊ မြန်မာနှင့် အမျိုးနီးစပ်ဟန်ရှိသည်။ တစ်သံလျှင် သဘောအဓိပ္ပါယ်တစ်မျိုးတည်းဟူသော ဘာသာစကားဖြစ်၍ ၀ဏ္ဏသံပိတ်ကိုပင် အတွဲမခံချေ၊ အသံနိမ့်မြင့်ထင်ရှား၍ စာရေးသားရာ၌ အသံအလေးအပေါ့ညွှန်းရန် (၀ိသဇ္ဇနီ)များကို သုံးသည်။ အထူးသဖြင့် သင်္သကရိုက်သက် အမျိုးခြားစကားလုံးများကို ယူငင်သုံးစွဲကြောင်း သိရသည်”။ ထိုအခါ မြန်မာ့စွယ်စုံကျမ်းအတွဲ (၅)တွင် ဖေါ်ပြသော ထားဝယ်လူမျိုးသည် တိဗက်-မြန်မာအစုမှ မြန်မာလူမျိုးအစုဝင်ဖြစ်သည် ဟူသောဖေါ်ပြချက်နှင့် ဆရာမောင်လေးတင့်၏စာတမ်းပါ (ယနေ့ မြန်မာစကား စာအရေးသားတို့တွင် လုံးဝမရှိသော (လ)ဆွဲသံများ (အော)သရနောက် န သတ်သံများသည်များသည် ထားဝယ်စကား၌ ယနေ့တိုင်သုံးစွဲနေဆဲဖြစ်ပြီး ထိုအသံ စာလုံးပေါင်းများသည် မြန်မာထက်စော၍ ပေါ်ခဲ့သည်ဟု ပညာရှင်များခန့်မှန်းအဆိုပြုထားသည့် ပျူစာတွင် ရှိနေခြင်း (မြစေတီကျောက်စာ လေးဘာသာ၊ နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊ ၁၉၅၄) ဟူသောဖေါ်ပြချက်ဟာ ထားဝယ်လူမျိုးများ မြန်မာနိုင်ငံမှာ ဘယ်လောက် စောစောပေါ်ခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ စာဖတ်သူများ သိသာအောင် (လ)ဆွဲသံ (အော)သရနောက် နသတ်သံနဲ့ သုံးစွဲနေတဲ့ ထားဝယ်စကားများအကြောင်းကို တင်ပြပါရစေဦး။ ထားဝယ်စကားထဲမှာ မြန်မာနိုင်ငံသားအားလုံးမသုံးနိုင်တဲ့စကားဖြစ်တဲ့ ပ္လပ် (ညာတာ၊ လိမ်တာ) ပ္လီး (ပိန်း) ပ္လောန်း (ပြောင်း) ပ္လေး (ပြေး) က္လောန်း (ကျောင်း) က္လီး (ကျီးကန်း) စတဲ့စကားများပါပဲ။ ဒီလို စကားမျိုးနဲ့ အသံကို မြန်မာနိုင်ငံသားအားလုံး ထားဝယ်သူ ထားဝယ်သားမှလွဲရင် ဘယ်သူမှ မပြောနိုင်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ ပြီးတော့ (အော)သရနောက် န သတ်အသံများကတော့ ကောန်း (ကောင်းတယ်) အောန်း (မျက်စိစွေ) တောန်း (တောင်းသည်) ဆောန်း (ဆောင်းထားသည်) စတဲ့စကားလုံးများကိုပါ ကိုယ်ပိုင်အသံအနေနဲ့ သုံးစွဲနေတာပါ။ ဒါ့တင်ပဲလားဆိုတော့ မြန်မာစကားနဲ့ လုံးဝကွဲလွဲတဲ့ စကားလုံးများကိုပါပြောဆိုနေတဲ့ လူမျိုး တစ်မျိုးဖြစ်တယ်ဆိုတာကိုပါ ယုံထားပါ။ စာဖတ်သူများ အခုရေးပြလိုက်တဲ့စကားများကိုတွေ့ရင် သိသွားပါလိမ့်မယ်။ ဖောတ်သန်းခ္လေးချောတ် (ပုတ်သင်ညို) ရှိးဂိုသီး (သဘောင်္သီး) စတဲ့စကားတွေပါ။ ဘာသာဗေဒအနေနဲ့ သေသေချာချာ လေ့လာချင်တယ်ဆိုရင် တောနယ်များကိုသွားပြီး လေ့လာသင့်ပါတယ်။ ထားဝယ်များ ရှေးကျလွန်းတဲ့စကားကို မြတ်မြတ်နိုးနိုးအခုထိ သုံးစွဲနေတယ်ဆိုတာကို အံ့သြစွာတွေ့ရပါလိမ့်မယ်။ ရှေးကျတဲ့စကားပြောရလို့ ရှက်နေတာလား။ ရှက်စရာလို့ ထင်ရင် အမျိုးကို သစ္စာဖေါက်ရာရောက်တယ်ဆိုတာကိုရော စာဖတ်သူများသိပါရဲ့လား။ သစ္စာဖေါက်သူအတွက် တန်ပြန်အကျိုးအနေနဲ့ ရောက်လာမှာကတော့ ဘယ်သူမှ လူရာသွင်းမှာမဟုတ်သလို လူမျိုးများကြားမှာလဲ မျက်နှာသာပေးခံရမှာ မဟုတ်ပါဘူး။ ထားဝယ်လူမျိုးဆိုတာ အေဒီ (၈)ရာစုလောက်ကတည်းက ရှေးစကားကိုပြောပြီး အမျိုးကိုစောင့်ရှောက်ခဲ့သူအဖြစ် ရှေးကျလွန်းတဲ့စကားကို အခုထိပြောရင်း လူမျိုးနဲ့ သိက္ခာကို စောင့်ထိန်းထားဆဲပါ။ သမိုင်းကို ကျောခိုင်းချင်တဲ့ အသိမဲ့ ခေတ်ပေါ်လူငယ်များကြောင့် ရှေးစကားကို နှစ်ထောင်နဲ့ချီပြီး ထိန်းသိမ်းခဲ့တဲ့ ရှေးထားဝယ်လူမျိုးများကို သစ္စာဖေါက်ရာ ရောက်မနေဘူးလား။ ရှေးရှေးက ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း ကိုယ့်နေရာဒေသကိုကာကွယ်ခဲ့တဲ့ ရှေးထားဝယ်ကြီးများကို ကျေးဇူးအထပ်ထပ် တင်နေမိတယ်။ တွေးရင်းနဲ့ မျက်ရည်ဝဲမိတယ်။ လူအနည်းစုဖြစ်ပေမယ့် ကိုယ်ပိုင်စကားနဲ့ ကိုယ့်လူမျိုးကို နှစ်များစွာ ထိန်းထားနိုင်ခဲ့တဲ့ အစွမ်းနဲ့ သတ္တိကိုလဲ ချီးကျူးမိပါရဲ့။ ထားဝယ်ဟာ မြန်မာလူမျိုးထဲမှာပါတယ်လို့ သမိုင်းကို ကျောခိုင်းတဲ့ လူတွေကြောင့် ရှေးထားဝယ်လူကြီးများကို မျက်နှာပူမိပါရဲ့။ သမိုင်းကို သေသေချာချာလေ့လာရင် ကိုယ့်အဆင့်အတန်း ကိုယ့်အခြေအနေ ဘယ်လိုရှိခဲ့တယ် ဘယ်လိုဆက်ထိန်းသွားရမယ်ဆိုတာကိုပါ သိသွားပါ လိမ့်မယ်။ သမိုင်းစာအုပ် ဘယ်မှာလဲ အဲဒီသမိုင်းကရော မှန်မှာတဲ့လား စတဲ့သံသယမေးခွန်းများနဲ့ ဒီစာကိုဖတ် ခဲ့မယ်ဆိုရင်……………..ပြောလိုက်ပါရစေဦး… ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဦးသန့်အကြောင်းကို တရားဝင် ထုတ်ခွင့်ရခဲ့တာတောင် အမှန်တွေဘယ်လောက်ပါပါ သလဲ။ စာဖတ်သူများလေ့လာကြည့်ရင် သိမှာပါ။ ဒါဆို ထားဝယ်သမိုင်းကိုရော ထုတ်ခွင့်ရခဲ့မယ်ဆိုရင် အမှန်ဘယ်လောက် ပါမယ်ထင်ပါသလဲ။ သိမ်းထားတဲ့စာအုပ်ကို ချကိုက်လို့ ဟေတုပစ္စယောမှ ဟေတပစ္စယောပြောင်းသွားတာကို ဟေတုများဖြစ်နိုင်ကောင်းပါရဲ့လို့ပြင်ခွင့်ရပေမယ့် ဆင်ဆာထိထားတဲ့ စာအုပ်မှာပါတဲ့ စာကြောင်းများကို ဘယ်လိုများပြင်ခွင့်ရမှာတဲ့လဲ။ ပြင်ခွင့်မရမဲ့အတူတူ တရားဝင် မထုတ်တာဟာ ပိုကောင်းမယ်လို့ တွေးမိတဲ့ သမိုင်းပညာရှင်များ လက်ရေးနဲ့ရေးထားတဲ့ သမိုင်းစာအုပ်ကို စာဖတ်သူများ ဖတ်ခွင့်မရတာနဲ့ သမိုင်းမရှိတော့ဘူးလို့ ယူဆတော့မှာလား။ သမိုင်းစာအုပ်မရှိခဲ့ဘူးဆိုရင်တောင် ဖြစ်ပျက်ခဲ့တဲ့နေရာမှာ သမိုင်းကိုပြောပြနေတဲ့ သက်သေတွေ လူမျိုးများပြောနေတဲ့ စကားက သမိုင်းကိုပြောပြနေတယ်ဆိုတဲ့ သက်သေတွေကိုရော မေ့ထားလိုက်တော့မှာလား။ စာအုပ်ကိုပဲ သမိုင်းလို့ယူဆရမှာလား? သို့မဟုတ် နေရာဒေသမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့အရာများ၊ တင်ခဲ့တဲ့မှတ်တမ်း သက်သေများကိုပဲ သမိုင်းလို့ ယူဆရမှာလား? လူမျိုးတစ်မျိုးရဲ့ သမိုင်းကိုလေ့လာမယ်ဆိုရင် တည်ရှိနေတဲ့လူမျိုးတို့ရဲ့နေရာနဲ့ ပြောနေတဲ့ စကားများကိုလေ့လာတာဟာ သမိုင်းကို ပိုမိုတိကျစေမယ်လို့ယုံကြည်ပါတယ်။ လူမျိုးတစ်မျိုးလို့ သတ်မှတ်ခံရဖို့ ဆိုရင် ၁။ ကိုယ်ပိုင်ဘာသာစကား ၂။ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ၃။ ကိုယ်ပိုင်စာပေရှိရမယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ တကယ်ရော ဒီမူတွေဟာ လူမျိုးတစ်မျိုးကို သတ်မှတ်တဲ့နေရာမှာ တိကျတဲ့စံတစ်ခုဖြစ်ရဲ့လား? ဒါပေမယ့် လူမျိုးမရှိပေမယ့် စာပေရှိနေတဲ့အဖြစ်တွေကိုရော စာဖတ်သူများ ဘာမှတ်ချက်တွေပေးချင်ပါသလဲ။ ဆိုပါစို့ ပါဠိ ဆိုတဲ့စာပေနဲ့ လက်တင်စာပေတို့ဟာ လူမျိုးရယ်လို့မရှိပါဘူး။ စာပေကတော့ အခုထိရှင်သန်နေဆဲပါပဲ။ ပြီးတော့ စာပေနဲ့ လူမျိုးပါရှိခဲ့တဲ့ ပျူ များ မြန်မာ့မြေပေါ်က ပျောက်သွားရတဲ့အဖြစ်ကိုရောမှတ်ချက်မပေး နိုင်တော့ဘူးလား (မွန်၊ မြန်မာ၊ ပါဠိ၊ ပျူနဲ့ရေးခဲ့တဲ့ မြစေတီကျောက်စာကို ကိုးကား)။ တကယ်တော့ မူဆိုတာ ယူသင့်မှ ယူရတယ်ဆိုတာကို အထက်ကအဖြစ်အပျက်တွေက သက်သေပြနေပါတယ်။ ထားဝယ်စကားကို ပထမဆုံးလေ့လာသုတေသနပြု မှတ်တမ်းတင်ပေးခဲ့တဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး ဦးဖေမောင်တင် အဆိုအမိန့်က ထားဝယ်လူမျိုးနဲ့ ထားဝယ်စကားများ ယဉ်ကျေးမှုနဲ့ပြည့်စုံနေတယ်ဆိုတာကို ညွှန်းဆိုနေပြန်ရော။ အဆိုအမိန့်က ဒီလိုပါ။ ရှေးဟောင်း ပုဂံကျောက်စာများနှင့် ပြိုင်သော ထားဝယ်စကားသည် တိုးတက်လျက်ရှိသော ယခု မြန်မာစကားထက် နှစ်ပေါင်း (၈၀၀) ခန့်စော၍ ယဉ်ကျေးမှုသက်သေခံလျက်ရှိသည်။ ထို့ကြောင့် ကျွန်ပ်တို့သည် မြန်မာနိုင်ငံရှိ ဒေသန္တရစကားများကို တတ်အားသမျှလေ့လာကြရာ၏။ ယဉ်ကျေးမှုမဲ့သည်ဟု အထင်ခံရသော ထားဝယ်စကားသည် ယဉ်ကျေးမှုနှင့်ပြည့်ဝလျက်ရှိကြောင်း သိရသကဲ့သို့ ကျန်ဒေသန္တရဘာသာ စကားများ၌လည်း ယဉ်ကျေးမှု အချက်အလက်တွေ့ရလိမ့်မည် တဲ့။ ရိုးသားတဲ့ ထားဝယ်လူမျိုးများမှာ ကိုယ်ပိုင်စာပေမရှိခဲ့ဘူးလား? မေးဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ။ တကယ်လို့သာ ကိုယ်ပိုင်စာမရှိခဲ့ဘူးဆိုရင် ထားဝယ်မှာ ရှေးကျတယ်လို့သတ်မှတ်ခံရတဲ့ သာဂရမြို့ဟောင်းတူးဖေါ်တုန်းက ရရှိခဲ့တဲ့မှတ်တမ်းတွေကိုရော ဘာစာများနဲ့ မှတ်တမ်းတင်ခဲ့ပါလိမ့်။ မြန်မာစာ မြန်မာစကားနဲ့ မှတ်တမ်းတင်ခဲ့ တယ်ပြောရင်တော့ စာရေးသူအနေနဲ့ လက်ခံဖို့ငြင်းရပါလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ။ သမိုင်းပညာရှင် ဒေါက်တာ သန်းထွးန်ရဲ့မှတ်တမ်းလေးကို ခဏလောက်ဖတ်ကြည့်လိုက်ပါ။ ပျူနဲ့ မွန်တွေက မြန်မာတွေကို ဗုဒ္ဓဘာသာနဲ့ စာရေးနည်းပညာကို သင်ပေးခဲ့လို့ မြန်မာတွေ ခရစ်နှစ် (၁၀)ရာစုလောက်ကပဲ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာပြီး ခရစ် (၁၁) ရာစုနှစ်မှာ စာရေးတတ်ပြီလို့ ပြောလို့ပြောနိုင်ပါတယ်။ ဒီမှာ ကျနော်ဆိုလိုတာက ယနေ့မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသမှာနေကြတဲ့ ပျူတွေဟာ ခရစ်နှစ် တစ်ရာစုကစပြီး စာရေးနည်းတတ်ပြီး မွန်တွေလဲ ပျူတွေနဲ့ တန်းတူ စာရေးနည်းပညာကိုတတ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျူရော မွန်ပါ ဗုဒ္ဓသာသနာဝင်မဖြစ်မီက ဗြဟ္မဏ သာသနာဝင်တွေဖြစ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသန (Archaelogy) အများကြီးပြနိုင်ပါတယ် လို့ဆိုခဲ့တာ ကြောင့်ပါ။ ရှင်ဇလွန်ကို အေဒီ (၇၈၈)မှာ တည်ခဲ့တယ်ဆိုတဲ့မှတ်တမ်းကို ရေးခဲ့တာဟာ မြန်မာစာနဲ့ မဟုတ်တာတော့ လုံးဝသေချာသွားပါပြီ။ ဒါဆို ထားဝယ်စာ သို့မဟုတ် ပျူစာ သို့မဟုတ် မွန်စာနဲ့များ မှတ်တမ်းတင်ခဲ့လေ မလားပဲ။ မသေချာတဲ့ အတွေးတစ်ခုက စိတ်ကိုေ၀၀ါးစေပါတယ်။ သေချာတာကတော့ မှတ်တမ်းကျန်ခဲ့တယ် ဆိုတာပါပဲ။ ဘာဖြစ်လို့ ထားဝယ်လူမျိုးများမှာ စာပေမရှိတော့တာလဲ။ တကယ်ရော စာပေမရှိခဲ့တာလား။ စာပေမရှိ ပညာမတတ်ပဲနဲ့ ဘယ်လိုများ ကိုယ်ပိုင်စကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းခဲ့ပါသလဲ။ ဒါဆို ကိုယ်ပိုင်စာပေက ဖျက်ဆီးခံလိုက်ရတာလား သို့မဟုတ် ကွယ်ပျောက်သွားတာလား။ ဒီမေးခွန်းများကတော့ စာရေးသူရဲ့ စိတ်ထဲနဲ့ နှလုံးသားထဲမှာ ထာဝရရှင်သန်နေမဲ့ အရာတွေပါပဲ။ လက်လှမ်းမီသလောက် အတွေးကိုဆွဲဆန့်ကြည့် မိတော့ စာပေမရှိပဲနဲ့ လူမျိုးလို့ သတ်မှတ်ခံရသူများ။ လူမျိုးသတ်မှတ်ပြီးမှ စာပေပေါ်ခဲ့သူများ ကမ္ဘာမှာ ရှင်သန်နေတာကိုတွေ့ရပြန်ပါတယ်။ အရှေ့တောင်အာရှမှာ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်တဲ့ စင်္ကာပူဟာ မလေးရှားက ခွဲထွက်ထားတဲ့နိုင်ငံဆိုတာ သမိုင်းသိသူများလက်ခံမယ်ထင်ပါတယ်။ စင်္ကာပူနိုင်ငံဆိုတာ မလေးနဲ့ တရုတ်တို့ အုပ်စိုးတဲ့နိုင်ငံဆိုရင်လဲ မှားမယ်မထင်ပါဘူး။ ၁၉၅၀ ထိ စင်္ကာပူနိုင်ငံနဲ့ စင်္ကာပူလူမျိုးဆိုတာ ကမ္ဘာမှာမရှိသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲချင်တဲ့စိတ်နဲ့တည်ဆောက်ထားတဲ့ လူသားများဖြစ်လို့ ပြောင်းလဲရင်းနဲ့ အခုဆိုရင် ကမ္ဘာမှာ စင်္ကာပူလူမျိုးရယ် ပြီးတော့ စင်္ကာပူစာရယ်လို့ ပေါ်ပေါက်နေပြီလေ။ မလေးရှားလူမျိုးလဲ ထိုနည်းလည်း ကောင်းပါပဲ။ စာပေမရှိတဲ့လူမျိုးပါ။ စာပေမရှိလို့ အင်္ဂလိပ်စာကို အသံထွက်နဲ့ ရေးနည်းကိုထွင်ခဲ့တာမို့ အခုဆိုရင် မလေးစာဆိုတာကိုပါ ကမ္ဘာကလက်ခံနေပြီလေ။ စာပေမရှိလို့ လူမျိုးဆိုတာ လက်ခံစရာမလိုဘူးလို့ စာဖတ်သူ တွေးနေတုန်းပဲ့လား။ စာပေဆိုတာ လူမျိုးရှိမှ ပေါ်တဲ့အရာ လူတွေက အသံထွက်သင်္ကေတနဲ့ သတ်မှတ်ထားတဲ့ အရာဆိုတာကို စာဖတ်သူလက်ခံမယ်ထင်ပါတယ်။ စာပေမရှိပေမယ့် မလေးရှားလူမျိုး စင်္ကာပူလူမျိုးလို့ လက်ခံ သတ်မှတ်ထားတဲ့ စာဖတ်သူဟာ စာပေမရှိသေးပေမယ့် လူမျိုးနဲ့ စကားဆိုတာ အခုထိပြောဆိုရှင်သန်နေတဲ့ ထားဝယ်လူမျိုးများကို လူမျိုးမရှိဘူး ယဉ်ကျေးမှုမရှိဘူးလို့ ဘာလို့များ စွေစောင်းတဲ့ အသိနဲ့ကြည့်နေရတာလဲ။ ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ပြောင်းလဲမှုနဲ့အတူ ပြောင်းလဲဖို့ကြိုးစားနေတဲ့ သူတွေထဲမှာ လူတွေပါနေတယ်ဆိုတာကို စာဖတ်သူများငြင်းနိုင်မယ်မထင်ပါဘူး။ ခေတ်နဲ့အညီ ပြေးလွှားနေတဲ့ စာဖတ်သူလူ သားများဟာ သမိုင်းတိကျတဲ့ အဖြစ်တစ်ခုကို လက်ခံဖို့ငြင်းဆန်နေဦးမယ်ဆိုရင်တော့ စာဖတ်သူဟာ ခေတ်နဲ့ အညီနေပြီး ခေတ်ကိုလက်ခံသူတစ်ယောက်မဟုတ်ဘူးလို့ပဲ ယူဆရလိမ့်မယ်ထင်ပါရဲ့။ အသိတွေနဲ့ ပြည့်စုံရုံမက ခေတ်နဲ့ပါ အညီနေနိုင်တဲ့ စာဖတ်သူများဟာ သမိုင်းနဲ့ ပြည့်စုံခြင်းမက ပြည့်စုံလွန်းလှတဲ့ ကိုယ်ပိုင်စကား ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ့်လူမျိုးများကို ဘာလို့တန်ဖိုးမထားနိုင်ရမှာလဲ။ ခေတ်တွေ ဒီရေလို စီးဆင်းပြီး အမြဲပြောင်းလဲသွားပေမယ့် ဘော ဘောင် ဘင် ဘီ ဘေး ဘိုး ဘ ကတည်းက စောင့်ထိန်းခဲ့တဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ ကိုယ်ပိုင် ဘာသာစကားများကို စာဖတ်သူများရဲ့ သား မြေး မြစ် တီ တွတ် ကျွတ် ကျွတ်ဆက် ဆိုတဲ့ ဆွေခုနစ် ဆက် မျိုးခုနစ်ဆက်ထိ မပြောင်းမလဲ ဆက်လက်စီးဆင်းသွားအောင်လုပ်ဖို့က စာဖတ်သူရဲ့လက်ထဲမှာရှိနေ တယ်ဆိုတာကို မမေ့ပါနဲ့။ စာဖတ်သူဟာ သမိုင်းတစ်ခေတ်ထူထောာင်သူဆိုတာကို သို့မဟုတ် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ရဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်သယ်ဆောင်သူဆိုတာကို မမေ့ဘူးဆိုရင် တာဝန်သိစိတ်နဲ့ ဆက်လက်တာဝန်ယူသွားဖို့ပါပဲ။ သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ။ ။ စာရေးသူ – ဦးဉာဏ၀ရ (၂၅၊ ၉၊ ၂၀၁၂)

0 comments:

Post a Comment