Popular Posts

Thursday, September 5, 2013

လူမျိုး စကားနှင့် စာပေ သို့မဟုတ် သမိုင်း၏အပိုင်းအစများ – အပိုင်း (၃)

ဦးဉာဏ၀ရ လူမျိုးတစ်မျိုးမှာ စကားနဲ့ သမိုင်းဆိုတာ အဓိကအခန်းကဏ္ဍမှ ပါဝင်သလို သမိုင်းရဲ့ အပိုင်းအစလေးတွေဆိုတာဟာလဲ အမှတ်တရအဖြစ်ကျန်ရှိနေတတ်ပြန်ပါတယ်။ ဒီအမှတ်တရလေးတွေဟာလဲ လူမျိုးနဲ့ သမိုင်းကို မှန်ကန်စွာရပ်တည်ခဲ့တဲ့ အကြောင်း သက်သေအဖြစ်ရပ်တည်ရင်း အတိတ်ရဲ့အဖြစ်လေးတွေကို ပြောပြနေပြန်ရော။ တွေးကြည့်ရင် ဆွေးမြေ့စရာဖြစ်သလို လေ့လာရင် အားတက်စရာလဲ ဖြစ်ပါတယ်။ သမိုင်းကိုပိုင်ဆိုင်ထားတဲ့ လူမျိုးများဟာ သမိုင်းကိုကျောခိုင်းလို့မရပါဘူး။ သမိုင်းက ပြောနေတဲ့စကားကိုလဲ မကြားချင်ယောာင်ဆောင်လို့ မဖြစ်ပြန်ဘူးလေ။ လူ ရယ်လို့ဖြစ်လာရင် လူမှာ လူကိုဖြစ်စေခဲ့တဲ့ ကျေးဇူးရှင်များဖြစ်တဲ့ မိဘဆိုတာရှိဖို့ လိုအပ်တယ်ဆိုတာ လူသားအားလုံး သိမှာပါ။ မိဘမဲ့သား အုတ်ကြားမျက်ပေါက် စတဲ့စကားများကို လက်ခံနိုင်စွမ်းရှိတဲ့ လူဆိုတာ ရှိမယ်မထင်ပါဘူး။ လူမှာ မိဘရှိမှ တင့်တယ်ပြီး လူကြားမှာ မျက်နှာပန်းလှမယ်ဆိုတာ လက်ခံထားတဲ့ လူတိုင်း လူမျိုးရဲ့သမိုင်းဆိုတာကိုလဲ သိထားဖို့ လိုအပ်ပြန်ပါတယ်။ မိဘဆိုတာ ကိုယ့်အတွက်တန်ဖိုးထားရမဲ့ ကျေးဇူးရှင်များဖြစ်သလို သမိုင်းဆိုတာ မိဘဘိုးဘွား ဆရာသမား လူမျိုးအားလုံးရဲ့ ကျေးဇူးရှင်ဖြစ်တယ်ဆိုတာကို စာဖတ်သူများ သိသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိဘ၀မှာ လူရယ်လို့ဖြစ်လာတာဟာ မိဘများကြောင့်ဆိုတာကို မိဘများက သက်သေပြနေသလို လူမျိုးတစ်မျိုးရယ်လို့ရှိလာတာ ဖြစ်လာတာဟာလဲ သမိုင်းက ပြောပြနေလို့ပါ။ လူဟာအဖွဲ့အစည်းနဲ့ နေတတ်တဲ့သတ္တ၀ါတစ်မျိုးပဲ့မို့ လူ့အကြောင်းကို ပြန်ပြောင်းပြောပြ နေတဲ့သမိုင်းကိုတော့ လူမှန်ရင် သိကို သိထားရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးမှာ သမိုင်းနဲ့ သမိုင်းဝင်အဖြစ်အပျက်တွေ ရှိနေသလိုပဲ ထားဝယ်တိုင်းရင်းသားများမှာလဲ သမိုင်းနဲ့ သမိုင်းရဲ့ အပိုင်းအစခြေရာများဆိုတာ အတိတ်ရဲ့အမှတ်အသား အနေနဲ့ ကျန်နေဆဲပါပဲ။ ကမ်းခြေရှိ သဲသောင်မှာ ကျန်ခဲ့တဲ့ ခြေရာများဟာ ရေဖျက်လို့ပျက်ကောင်းပျက်သွားနိုင်ပေမယ့်လို့ အတိတ်မှာ ကျန်ခဲ့တဲ့ ထားဝယ်သမိုင်းရဲ့ ခြေရာများကတော့ အနာဂါတ်နေ့သစ်များဆီထိ ချီတက်နေဆဲ။ သစ်လွင်နေဆဲ။ သမိုင်းအကြောင်းကို ပြောပြနေဆဲပါပဲ။ ပျူလူမျိုးတွေ မြန်မာနိုင်ငံမှ ရှာမရအောင် အစပျောက်သွားပေမယ့် ပျူသမိုင်းကတော့ ကျန်နေဆဲပဲ့လေ။ ထားဝယ်လူမျိုးများလဲ ထားဝယ်သမိုင်းကို မလေ့လာပဲ နေခဲ့မယ်ဆိုရင်တောင် သို့မဟုတ် သူများနဲ့ အမျိုးတူပါလို့ ပြောနေမယ်ဆိုရင်တောင် ဘယ်တော့မှ လူမျိုးနဲ့ အဖြစ်ပျက်များကို သစ္စာမဖေါက်တဲ့ သမိုင်းကတော့ လူမျိုးအကြောင်း ဒေသအကြောင်းကို ပြောပြနေဦးမှာပါပဲ။ ထားဝယ်သမိုင်းက ပြောပြနေတဲ့ သမိုင်းရဲ့ အပိုင်းအစများကို စာဖတ်သူများ ဆက်လက်သုံးဆောင် ခံစားကြည့်ပါဦး။ အတိတ်ရဲ့နေ့ရက် တစ်ရက်မှာ မဟာနရိန္ဒမင်းကြီးဟာ ဘူမိဒေ၀နဂရမြို့ကို တည်ထောင်ပြီး အုပ်ချုပ်နေပါသတဲ့။ (ဘူမိဒေ၀နဂရမြို့ဆိုတာ ထားဝယ်မြို့မှ ၁၀ မိုင်အကွာမှာရှိတဲ့ မှိုင်းကာရီ=ပကာရီမြို့ကို ဆိုလိုတာပါ။) တစ်ရက်မှာ….. မဟာနရိန္ဒမင်းကြီးနဲ့ အတူ မိဖုရားကြီး စုမဒ္ဒီဒေ၀ အပါအ၀င် စစ်သည်ဗိုလ်ပါတို့ တောကစားထွက်ကြပါသတဲ့။ တစ်နေရာအရောက် အခြံအရံများနဲ့ ကျက်စားနေတဲ့ ရွှေအဆင်းရှိ ဥဒေါင်းမင်းကို မြင်လို့ မိဖုရားကြီးက သဘောကျနှစ်သက်တာမို့ ဥဒေါင်းလိုချင်ကြောင်း ဘုရင်ကိုလျှောက်ထားတာပေါ့။ ဘုရင်မင်းမြတ် နန်းတော်ရောက်တာနဲ့ ဖမ်းနိုင်သူများကို စုံစမ်းကြည့်တော့ ဆင်ဖြူကျွန်းရွာမှ ဆင်ဝန် မောင်မဲ ဆင်ဝန်ကတော် မမင်းဖြူတို့ရဲ့သား မောင်နွား ဆိုတာရှိကြောင်း ကြားသိရတာမို့ ရှေ့တော်သွင်းဖို့ အမိန့်စေလွှတ်လိုက်ပါတယ်။ ရွှေဥဒေါင်းကို ဖမ်းမိပါက ဆုတော်များအပြင် ရွာကြီး (၄)ရွာကို အပိုင်စားပေးပါ့မယ်ဆိုတဲ့ မက်လုံးနဲ့ အမိန့်တော်ကြောင့် ရအောင်ဖမ်းပြီး ဆက်သပါ့မယ်လို့ ၀န်ခံကတိပေးခဲ့ပါသတဲ့။ သူနဲ့အတူ ရွှေဥဒေါင်း ဖမ်းဖို့ အကူလိုက်တဲ့ သူကတော့ တပည့်ကျော် ကွာစိ တဲ့။ ဥဒေါင်းကျက်စားရာ တောကိုရောက်တော့ ညွှတ်ကြီး ညွှတ်ငယ် အသွယ်သွယ်ကိုဖန်တီးပြီး အလယ်မှာ လှပတဲ့ ဥဒေါင်းမငယ်ကိုထားပြီး လှောင်အိမ်ကို ကောင်းကင်ပိုက်နဲ့ဝန်းရံကာ မုဆိုးနဲ့ အကူကတော့ တောင်ပေါ်က စောင့်ကြည့်နေကြတာပေါ့။ ဒေါင်းမငယ်ကိုမြင်မိတဲ့ ဒေါင်းအတော်များများက အနီးကို သတိမဲ့စွာချဉ်းကပ်လာကြတာမို့ တချို့က ညွှတ်ကြီး ညွှတ်ငယ်မှာမိပြီး တချို့က ကောင်းကင်ပိုက်မှာ မကြရော။ သတိရှိတဲ့ ရွှေဥဒေါင်းကတော့ လွတ်သွားတာပေါ့။ ကျော့ကွင်းမိနေတဲ့ ဒေါင်းများကို အာရုံစိုက်ပြီး လွတ်အောင်ရုန်းစေခဲ့တာမို့ ကျော့ကွင်း ညွှတ်တိုင်နဲ့ ဒေါင်းတွေ ထွေးယှက်ကုန်ရော။ ဆရာတပည့်နှစ်ယောက် ဒေါင်းတွေကိုဖမ်းဖို့ တောင်ထိပ်မှပြေးဆင်းပြီး ဖမ်းမယ်လုပ်လို့ ဒေါင်းတွေ ညွှတ်ထွေးလျက် ထွက်ပြေးတာကြောင့် အဲဒီနေရာကို ညွှတ်ထွေး လို့ခေါ်တွင်စေခဲ့ပါတယ်။ ကာလရှည်လျားလို့ အခေါ်တွေပြောင်းပြီး အခုဆိုရင် ညင်းထွေးရွာ လို့ခေါ်ဆိုနေတုန်းပါပဲ။ ညွှတ်နဲ့အတူ ထွက်ပြေးကြတဲ့ ဒေါင်းနောက်ကို တကောက်ကောက်လိုက်ရင်း ဒေါင်းများကို လှောင်မိပြီလို့ထင်တဲ့နေရာကို ဒေါင်းလှောင်ရွာ လို့ခေါ်တွင်ရင်း အခုတော့ ဒေါင်းလောက်ရွာ လို့ခေါ်နေကြပါတယ်။ တစ်ခါ ရွှေဥဒေါင်းမင်းက သူ့ရဲ့အဖေါ် ဒေါင်းများကို ရှေ့ကပျံစေပြီး မိမိကိုယ်တိုင်က မုဆိုးနဲ့ မနီးမဝေးပျံလျက် သာဂရမြို့ရဲ့ အနောက်ဖက် ကမ်းနဖူးကိုကျော်ပြီး ပျံသွားရင်းနားတဲ့နေရာကို ဒေါင်းကူး လို့ ခေါ်ရင်း အခုဆို ဒေါင်းငူရပ် လို့ခေါ်တွင်လျှက်ရှိပါတယ်။ ဆရာတပည့်တို့နှစ်ယောက် ကူးစရာလှေကိုရှာတာ မတွေ့ရလို့ ဖေါင်ဖွဲ့ပြီး ကမ်းတစ်ဖက်ကိုကူးကြရပါတယ်။ ရွှေဥဒေါင်းမင်းကို မတွေ့ရလို့ စိတ်ဆိုးနေတဲ့ မုဆိုးဟာ မြားနဲ့လေးကို တစ်တောလုံးရမ်းပြစ်တာကြောင့် တောမှာကျက်စားနေတဲ့ ဇရက် (ဆက်ရက်) များပျံပြေးတဲ့ နေရာကို ဇရက်ရွာလို့ ခေါ်တွင်းရင်း အခု ဇရစ်ရပ် လို့တွင် ကျန်နေဆဲပါပဲ။ ထိုမှတဖန် ဆက်လက်ပြီးလိုက်ကြရာ နေရာတစ်ခု၌ ဒေါင်းများမိနေပြီလို့ မှတ်ထင်ပြီး ၀မ်းသာအားရ ဖမ်းဖို့လုပ်တုန်း ဒေါင်းတွေ လွတ်ပြီး ပျံပြေးကြပါတယ်။ အဲဒီနေရာကိုတော့ ဒေါင်းလွတ်ရွာ အခုအခေါ် ဇလွတ်ရွာ လို့ ခေါ်နေကြပါတယ်။ အဲဒီကတဆင့် ဒေါင်းနောက်လိုက်ကြလို့ မြစ်ကမ်းပါးအနီး ကျောက်တုန်းအကြားမှာ ဒေါင်းမင်း (၂) ခါဝပ်ခဲ့တဲ့နေရာကို အထက် ကျောက်ဝပ်ရွာ နဲ့ အောက်ကျောက်ဝပ်ရွာ လို့ခေါ်တွင်ခဲ့ပါတယ်။ အဲဒီမှတဆင့် မြစ်အရှေ့ဖက်ကို ဒေါင်းမင်း ပျံကူးသွားလို့ ဆရာတပည့်နှစ်ယောက် လိုက်ကြပြန်သော် ဒေါင်းမင်းပန်း၍ ၀ပ်သောနေရာကို ပန်းဝပ်ရွာ (ပ၀ပ်ရွာ) ခေါ်ပြန်ပါတယ်။ ဒေါင်းမင်းပန်းလို့ နားသော တောချုံနေရာကို ပန်းတောရွာ (ပတောရွာ) လို့ခေါ်ပါတယ်။ အဲဒီနေရာမှာပဲ မုဆိုးက ဒေါသထွက်ပြီး လေးနဲ့ပြစ်ရာ ဒေါင်းကိုမမှန်ပဲ အနီးအနားမှာကျက်စားနေကြတဲ့ တီတွတ်ငှက်များလန့်ပြီး ပျံတဲ့နေရာကို တီတွတ်ပျံရွာ (တီတွတ်ပြင်ရွာ) လို့ခေါ်ကြပါတယ်။ ယင်းနောက် ဒေါင်းမင်းပျောက်ကွယ်သွားတဲ့နေရာကို ဒေါင်းပျောက်ရွာ (တောင်ပျောက်ရွာ) လို့ခေါ်ပါတယ်။ ဒေါင်းမင်းပျောက်သွားလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မုဆိုးက တပည့်ကို တပည့်ရေ ငါ့မှာ ဘုရင်မင်းမြတ်ထဲ ရွှေဥဒေါင်းမင်းရပါစေ့မယ်လို့ ပရိသတ်အလယ်မှာ ရဲဝံ့စွာဝန်ခံခဲ့ပေမယ့် အခုတော့ ဒေါင်းကလွတ်သွားပြီ၊ ဒေါင်း မပါပဲ နေပြည်တော်ပြန်ဖို့ကလဲ ရှက်စရာကောင်းလှပါ လားလို့ ညှိုငယ်တဲ့မျက်နှာနဲ့ ညည်းညူမြည်တမ်းရင်း ချောင်းကို ကူးခဲ့တာမို့ ရှက်ချောင်း (သရက်ချောင်း) လို့ခေါ်တွင် ကြပါတယ်။ ထားဝယ်လူမျိုးများရဲ့ သမိုင်းဖခင် သမန္တမင်းကြီးဟာ (သာဂရမြို့တည်မင်း) ဘ၀တစ်ခုမှာ ကျွဲမင်းဖြစ်ခဲ့ဖူးပါသတဲ့။ ကျွဲမင်းဟာ ပင်လယ်ရေနဲ့ထိတဲ့ မြက်ကိုစားချင်တဲ့ဆန္ဒကြောင့် ထားဝယ်မြစ်ဝ တစ်နေရာမှ အရှေ့ဖက် ကမ်းကူးသွားခဲ့ပါသတဲ့။ အဲဒီနေရာကို ကျွဲမင်းကုန်းရွာလို့ ခေါ်တွင်ခဲ့ပါတယ်။ စက္ကပါလ ကျွဲမင်းဟာ သူ့ရဲ့ကြင် ဖေါ်များဖြစ်တဲ့ ကျွဲမများမှ ကျွဲသားလေးမွေးမှာကို မလိုလားတာကြောင့် မွေးလာတဲ့ ကျွဲမကိုသာ အရှင်ထားပြီး ကျွဲထီးလေးများကို ဝှေ့သတ်လေ့ရှိပါတယ်။ အခါတပါးမှာ ကျွဲမတစ်ကောင်ဟာ ကိုယ်ဝန်ရလာတမို့ တွေးမိပါသတဲ့။ တကယ်လို့များ ကျွဲလေးမွေးခဲ့ရင်တော်သေးရဲ့ ကျွဲထီးလေးမွေးရင်တော့ ခက်ရချည်ရဲ့ ဆိုတဲ့အတွေးနဲ့အတူ တောင်ခေါင်းတစ်နေရာကို ပြောင်းရွှေ့နေထိုင်ပြီး မကြာခင်မှာ သားလေးမွေးခဲ့တဲ့အတွက် သားကိုကြီးပြင်းအောင် ၀ှက်ခဲ့တဲ့နေရာကို သားဝှက်ဂူ (သားဝှက်ကုန်း) လို့ ခေါ်တွင်ခဲ့ပါတယ်။ သားငယ်ကျွဲထီးလေးဟာ တနေ့တခြား ကြီးပြင်းလာတာနဲ့အမျှ လေကဲ့သို့ပြေးနိုင်တာကြောင့် ထားဝယ်အခေါ် ကွဲလေသား (ကျွဲလေ ကလေး)လို့ ခေါ်ပါတယ်။ များမကြာမီ မိခင်ကျွဲမကြီးရဲ့ ပြောစကားကြောင့် ဖခင်ကိုစိတ်နာကာ ဖခင်ခြေရာနဲ့ ခြေရာခြင်းတူတဲ့တစ် နေ့ ဖခင်ကို တော်လှန်မယ်ဆိုတဲ့ စိတ်နဲ့ ခြေရာခြင်း အမြဲတိုင်းလေ့ရှိပါတယ်။ ခြေရာခြင်းတူလာတဲ့တစ်နေ့ မိမိနေရာ ဂူနေရာမှ ပြောင်းရွှေ့ကာ ဖခင်ကျွဲမင်းပိုင် နေရာမှအပဖြစ်တဲ့ တောင်ကုန်းတစ်ခုမှာ နေထိုင်ခဲ့တာကြောင့် အဲဒီတောင်ကို ကျွဲရိုင်းတောင်လို့ ခေါ်တွင်ခဲ့ပါတယ်။ ဖခင်စက္ကပါလကျွဲမင်းဟာ မိမိပိုင်နယ်စပ်၌ ကျွဲရိုင်းတစ် ကောင်ပေါ်ပေါက်နေကြောင်း ကြားသိရလို့ ဒေါသထွက်ကာ ဝှေ့သတ်မယ်ဆိုတဲ့အကြံနဲ့ ကြင်ဖေါ်များနဲ့ သမီးအခြံ အရံများကိုထားခဲ့ကာ ခွဲခြားနေခဲ့တဲ့တောင်ကို ခွဲခြားတောင် (ခွဲခြမ်းတောင်) လို့ ခေါ်ပါတယ်။ (ခွဲခြမ်းတောင်ဟာ ထားဝယ်မြို့အရှေ့တောင်ဖက် တန်ခိုးကြီး ရှင်မုတ္ထီးဘုရားကြီးနဲ့ မနီးမဝေးနေရာမှာ တည်ရှိပါတယ်)။ တစ်နေ့ သားအဖတွေ့ဆုံပြီး အချိန်အတော်ကြာကြာ ဝှေ့ခတ်ကြတာကြောင့် ဖခင်ကျွဲမင်းမှာ အိုမင်းမစွမ်းရှိတာကြောင့် မောပန်းမေ့မြောသွားပါတယ်။ အဲဒီနေရာကို ကျွဲမင်းအု (ကျွဲမင်းအူ) လို့ ခေါ်တွင်ခဲ့ပါတယ်။ (ထားဝယ်လို မေ့မြော တာကို အု လို့သုံးပါတယ်။ ကျွဲမင်းအူကွင်းဟာ ကနိုင်းတာရွာ အနီးမှာ ရှိပါတယ်။) သားလဲ ဖခင်သေပြီအထင်နဲ့ မိမိနေရာသို့ပြန်သွားစဉ် မကြာခင် ဖခင်သတိရကာ သားအားအမီလိုက်ပါတယ်။ သားကလဲ ဖခင်လိုက်လာမှန်း သိတာကြောင့် ထားဝယ်မြစ်ထဲသို့ဆင်းကာ အနောက်ဖက်ကမ်းကို အရောက်ကူးပြေးပါတော့တယ်။ ဖခင်လဲ အမီလိုက်ကာ သားအဖ တွေ့ဆုံပြီး ဝှေ့ခတ်ကြပြန်တာကြောင့် အဲဒီနေရာကို ထွေးလုံး (လောင်းလုံး)လို့ ခေါ်တွင်ပါတယ်။ သားအဖ ဝှေ့ခတ်ကြရာ ဖခင်ကျွဲမင်းမှာ ဝှေ့ခတ်ရန်မစွမ်းတောလို့ ပြန်လာတဲ့နေရာကို ပြန်ထိန် (ပြင်းထိန်ရွာ)လို့ နာမသမုတ်ခဲ့ပါတယ်။ အဲဒီမှတဆင့် ရွေ့ရွေ့ပြောင်းရွှေ့ကာ ပြေးရှောင်လာတဲ့နေရာကို ပြေးရှောင် (ပိန်းရှောင်ရွာ) လို့ခေါ်ဝေါ်ကြပါတယ်။ စက္ကပါလ ကျွဲမင်းက ငါဒီလိုဒုက္ခရောက်တာ ငါ့ကြင်ဖေါ် ကျွဲမယုတ် တစ်ကောင်ဖြစ်ရတယ်၊ ကျွဲမအပေါင်းကိုစွန့်ကာ တစ်ကိုယ်တည်းနေမှ သင့်တော်မယ်လို့ ကြံလျက် မြောက်စူးစူး သို့သွားပြီး ကျွဲမင်းရပ်တန့်နားနေပါတော့တယ်။ အဲဒီနေရာကို မင်းရပ်ရွာ လို့ခေါ်တွင်နေဆဲပါပဲ။ မင်းရပ်ရွာမှ တဖန် မြောက်စူးစူးသို့ရှေ့ရှုသွားပြန်တော့ ပင်လယ် ကမ်းပါးအနီးရောက်တဲ့အခါ ပင်ပန်းလို့ တောင်ကုန်းတစ်ခု ပေါ်တက်ပြီး အင်းတစ်ခုမှာ နားနေပါတော့တယ်။ ပင်ပန်းလို့ အင်း မှာနားတာကြောင့် ပန်းတက်အင်းရွာလို့ ခေါ်တွင်ကြပါတယ်။ ပန်းတက်အင်းရွာမှတဖန် မြောက်ဖက်သို့ရှေ့ရှုသွားပြီး ကုန်းမြင့်တစ်ခုပေါ်တွင် စခန်းချနားနေပါတယ်။ အဲဒီနေရာကိုတော့ ကုန်းမြင့်ချောင် လို့ခေါ်တွင်ခဲ့ပါတယ်။ (ယခုအခါ မထင်ရှားတော့)။ ထားဝယ်ရာဇ ၀င်မှတ်တမ်းအရ ဝေမိဿကတောင်ဝယ် (ကနန်းတောင်) ဂ၀ံပတေ့ရသေ့၊ ဒူရကနတ်သားနဲ့ ဂုမ္ဘဏ္ဍနတ်ဘီလူးတို့အား ဘုရားရှင် ဗျာဒိတ်ကြားပြီးနောက် သုဝဏ္ဏဂီရိကုန်းတော်၌ (ယခုအခါ နဘုလယ်ရွာအနီး) ရပ်တော်မူကာ ခြေတော်ရာတစ်ဆူချခဲ့ပါသတဲ့။ (နဘုလယ်ခြေတော်ရာဟာ အခုထိ ရှိနေဆဲဖြစ်သလို ထူးခြားမှုများနဲ့ပြည့်စုံတဲ့ ဘုရားကုန်းတစ်ခုဖြစ်ပါတယ်)။ စက္ကပါလ ကျွဲမင်းဟာဘုရားရှင်ကို မြေဇာမြက်ဖြင့် အကြိမ်ကြိမ်လှည့်လည် ဖူးမျော်ခြင်းကြောင့် ဖူးလည် (သို့)ဖူးလယ် (နဘုလယ်) လို့ ခေါ်တွင်ပါတယ်။ အခုရေးပြခဲ့တဲ့အကြောင်းအရာ အားလုံးဟာ ထားဝယ်လေးမြို့နယ်ဖြစ်တဲ့ ရေဖြူ၊ ထားဝယ်၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့တို့မှာ ထင်ရှားခဲ့တဲ့ ထင်ရှားဆဲဖြစ်တဲ့ သမိုင်းကပြောပြနေတဲ့ ရွာနာမည်များပဲဖြစ်ပါတယ်။ ဒီ အကြောင်းအရာများကို အလွယ်တကူဖတ်မှတ်လို့ရအောင် စာရေးဆရာကြီး ရွှေဝယ်အေး (ထားဝယ်မြို့ ဇရစ်ရပ်နေ ကုန်သည် ဦးရွှေသောင်းနဲ့ ဒေါ်မြိုင်သူ မိဘနှစ်ပါးမှ မွေးဖွားတဲ့ သားသုံးဦးအနက် သားလတ်ဖြစ်သူပါ။ သက္ကရာဇ် ၁၂၅၄ ခု တန်ခူးလဆန်း ၈ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အရင်းကတော့ ဦးဘအေး ပါတဲ့) ရေးတဲ့ ကြီးပွါးရေးစာအုပ်တိုက်မှ ဖြန့်ချီတဲ့ ထားဝယ်ရာဇ၀င်သမိုင်းမှ ကောက်နှုတ်ဖေါ်ပြချက်များဖြစ်ပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့အကြောင်းအရာများဟာ ရွာနဲ့နေရာများအကြောင်းပဲဖြစ်တာမို့ စာဖတ်သူများနောက်ထပ် သိစရာတွေကျန်ရှိနေပါသေးတယ်။ အဲဒါကတော့ ပထမအကြိမ် မြို့တည် သာဂရ၊ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်မြို့တည် ဇလွန်၊ ပြီးတော့ စတုတ္ထအကြိမ်မြို့တည် သာယာဝတီ (ထားဝယမြို့)မှာ မပါဝင်တဲ့ နန်းတော်များမြို့များဖြစ်တဲ့ လောင်းလုံးမြို့နယ်မှာ ပါဝင်တဲ့ ဝေဒီမြို့တော်နဲ့ သရက်ချောင်းမြို့နယ်မှာ ပါဝင်တဲ့ မုတ္တသုခ နဂရမြို့တော် (ရှင်မုတ္ထီး) များပဲဖြစ်ပါတယ်။ တစ်ချက်လောက် စောင်းငဲ့ကြည့်လိုက်ပါဦး။ ဝေဒီမြို့တည်ခြင်း ဝေဒီမြို့ဟောင်း (ဓါတ်ပုံ - Tavoyan Youth Facebook) ဝေဒီမြို့ဟောင်း (ဓါတ်ပုံ – Tavoyan Youth Facebook) အခုထားဝယ်မြို့မှ အနောက်တောင်ဘက် (၆) မိုင်အကွာ ထားဝယ်မြစ်အနောက်ဘက်ကမ်းရှိ ဝေဒီရွာကား ရှေးအခါက မြန်မာမင်းများအုပ်ချုပ်ခဲ့ ဖူးတဲ့ ဝေဒီမြို့လေး ပဲ့ဖြစ်ပါတယ်။ ဝေဒီမြို့တော်ကြီးကို သက္ကရာဇ် (၅၉၀) ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး အဆက်အနွယ်များဖြစ်၍ ထောင့်ကွယ်မြို့ (ယခု ကြက်လွှတ်ရွာ) ကို တည်ထောင်ကြသည့် ကနိက၀တ်မင်း၊ ၎င်း၏သားတော် ကနိဋ္ဌာသူ၊ ၎င်း၏သားတော် ကနိဋ္ဌာရံ၊ ၎င်း၏သားတော် ကနိဋ္ဌာသံ၊ ၎င်း၏သားတော် ကနိဋ္ဌာဝါ၊ ၎င်း၏သားတော် စောသူရ လက်ထက် ထောင့်ကွယ်မြို့မှပြောင်းကာ သက္ကရာဇ် (၇၉၂)ခုနှစ်တွင် ဝေဒီမြို့တော်ကို တည်ထောင်ခဲ့ပါတယ်။ (ဝေဒီလို့ခေါ်ကြတာကတော့ အရင်က မြို့တည်ရာမြစ်ကမ်းဟာ တိမ်တဲ့ ၀ဲရှိပြီး ရေခန်းခြောက်တဲ့နေရာမှာ တည်ရှိပါသတဲ့။ အဲဒါကို ၀ဲတီ-၀ဲဒီလို့ခေါ် ကြရာမှ ဝေတီ-ဝေဒီ လို့ ပြောင်းခဲ့တာ ပါ။) ဝေဒီမြို့မှာ စောသူရမင်း၊ သူ့ရဲ့သားတော် မင်းစောရောင်၊ သူ့ရဲ့သားတော် စောသွားရောင်၊ သူ့ရဲ့သားတော် ရွှေနန်းတက်၊ သူ့ရဲ့သားတော် အိမ်ရှေ့မင်းတို့ စိုးစံပြီးနောက် သာဂရမြို့ကို အုပ်ချုပ်ခဲ့ဖူးတဲ့ ရှင်ဇံ (နန္ဒိယ) မင်းနဲ့ မိဖုရား စောမြဒေ၀ီတို့သားတော် ဗလစောရန်နိုင်လို့ခေါ်တဲ့ စောသီလမင်း ပြောင်းရွှေ့ပြီး အုပ်ချုပ်မင်းလုပ်ခဲ့ပါသတဲ့။ အခါတပါးမှာ စောသီလမင်းဟာ သူ့ရဲ့သက်တော်စောင့် မောင်ဗအဲရဲ့ ဇနီး မယ်စောလို့ခေါ်တဲ့ စောပညာကို သဘောကျနှစ်သက်မိတာကြောင့် သက်တော်စောင့်ကို လုပ်ကြံဖို့ စိတ်ကူးမိပါတယ်။ မယ်စောဟာ ရုပ်ရည်အဆင်း လှပတဲ့အပြင် အတွေးအခေါ် အမြော်အမြင်ပညာနဲ့ ပြည့်စုံတာမို့ ရပ်သူရွာသားများက စောပညာ လို့သမုတ် ခေါ်ဝေါ်ခဲ့ကြတာပါ။ အဲဒီအချိန်က ဝေဒီမြို့သူ မြို့သားများနဲ့ အမတ်အရာရှိများပါ ကြက်ပွဲကို ၀ါသနာပါကြပါသတဲ့ တစ်နေ့ စောသီလမင်းကြီးဟာ သူ့အကြံအစည်ရှိတဲ့အတိုင်း မောင်ဗအဲ ကိုရှေ့တော်ခေါ်ပြီး ဒီနေ့ အရုဏ်တက်တဲ့အချိန်မှာ ကြက်တည်သွားစရာရှိတာမို့ တိုက်ကြက်ကောင်း တစ်ကောင်နဲ့ လာရမယ်လို့ အမိန့်တော်မှတ်လိုက်ပါတယ်။ မောင်ဗအဲမှာ မင်းကြီးရဲ့အကြံကို မရိပ်စားမိပဲ အမိန့်တော်အတိုင်း ဘုတ်မွေး ရင်ဘတ်၊ တက်နက် မောင်ချွန်း၊ မြီးဝန်း တောင်ပံဖြူ ဆိုတဲ့ ကြက်ကျွမ်းသူများရဲ့အဆိုအရ (၁) ရင်ဘတ်မှာ ဘုတ်ငှက်လို အမွေးရောင် ရှိခြင်း (၂) အတက် မည်းနက်ခြင်း (၃) အမောက်ချွန်ခြင်း (၄) အမြီးဝိုင်းခြင်းနဲ့ (၅) တောင်ပံဖြူခြင်း အင်္ဂါငါးပါးနဲ့ ပြည့်စုံတဲ့ ကြက်တစ်ကောင်ကိုရှာပြီး စောပညာကို အသိပေးကာ စောစောအိပ်ရာဝင်ပါသတဲ့။ အရုဏ်တက်ချိန် ရောက်တဲ့အခါ နန်းတော်သို့ ၀င်ဖို့အဆင်သင့်ဖြစ်နေတဲ့ လင်တော်မောင် မောင်ဗအဲကို စောပညာက ညအိပ်မက်မကောင်းတာမို့ မသွားဖို့တောင်းပန်ရှာပါတယ်။ မင်းရဲ့အမိန့်ဟာ မိုးကြိုးသွားထက်ကြောက်စရာကောင်းတာမို့ မသွားလို့မဖြစ်တာကြောင့် ကြက်ပိုက်ကာ နန်းတော်သို့ဝင်ရပါတော့တယ်။ မင်းကြီးလဲ အခြွေအရံတစ်ယောက်မှမပါပဲ မောင်ဗအဲနဲ့အတူ မြို့နဲ့ မနီးမဝေး တောအုပ်တစ်ခုသို့ ထွက်သွားပါတယ်။ တောအုပ်တွင် ရောက်တဲ့အခါ မင်းကြီးက ပွဲတော်တည်လိုတာကြောင့် မောင်ဗအဲကို ရေကြည်တော်ရှာခိုင်းပါတယ်။ ရေအနည်းငယ်သာရှိတဲ့ ရေတွင်းမှာ ရေကိုငုံ့ကာ ခပ်နေတုန်း မင်းကြီးကနောင်ကနေပြီး ရေတွင်းထဲတွန်းချကာ ကျောက် လုံးများနဲ့ ဖိသတ်လိုက်တာကြောင့် အသက်ခန္ဓာကြွေရပါတော့တယ်။ သူ့ရဲ့ကြက်ဟာလဲ ထွက်ပြေးသွားပါတော့တယ်။ မင်းကြီးလဲ ညနေမှာ နန်းတော်ပြန်ပြီး စောပညာကိုခေါ်ခိုင်းကာ အကြောင်းစုံကိုရှင်းပြပါတယ်။ စောပညာဟာလဲ ပညာရှိ မိန်းမသားတစ်ယောက်ပေမို့ မင်းကြီးရဲ့အကြံကို ရိပ်စားမိသွားပါတယ်။ နောက်တစ်နေ့ မနက် ဘုရင့်ညီလာခံမှာ မောင်းမတစ်ဦးကိုယ်မှာ သရဲဖြစ်နေတဲ့ မောင်ဗအဲဟာ ၀င်ပူးပြီး မင်းကြီးဟာ သူ့ကိုရေတွင်းထဲ တွန်းချကာ လုပ်ကြံခဲ့ကြောင်း အခုသရဲဖြစ်ကာ နေစရာမရှိတာမို့ နေရာစီစဉ်ပေးစေလိုကြောင်း သူ့ကိုပသတဲ့ နေရာမှာလဲ ကြက်အရှင်နဲ့သာ ပသတင်စေလိုကြောင်း ပြောပါသတဲ့။ မင်းကြီးလဲ သရဲက စွပ်စွဲတယ်ဆိုတဲ့ ရှက်စိတ်နဲ့ သရဲအတွက် နတ်ကွန်းဆောက်စေပါတယ်။ ထားဝယ်ရိုး ကြက်ကိုး (ထားဝယ်ရိုးရာ ကြက်ကိုးပါ) မောင်ဗအဲ နတ်ကွန်းကို ဝေဒီမြို့ရိုးအပြင်ဖက်မှာ ဆောက်လုပ်ပေးပြီး ကြက်အရှင်နဲ့ ပူဇော်ပသရတာကို ထားဝယ် ရိုးရာအတိုင်း ကြက်နဲ့ကိုးကွယ်ရတာကို အစွဲပြုပြီး ထားဝယ်ရိုး ကြက်ကိုးလို့ အခုတိုင်ပြောဆိုနေကြတုန်းပါပဲ။ (အခြားမြို့ရွာဒေသရှိ လူအများက ထားဝယ်များနဲ့ ငြင်းခုန်ကြတဲ့အခါ ထားဝယ်ရိုး ကြက်ခိုးတတ်တယ်လို့ မခံချင်အောင် ပြောတတ်ပါတယ်။ မောင်ဗအဲ ရေခပ်တဲ့ရေတွင်းနဲ့ ဒူးထောက်တဲ့နေရာတို့မှာ ယနေ့တိုင် ကျောက်သားဖြစ်လျက် ရွာနဲ့ မဝေးတဲ့တောအုပ်ထဲမှာ တည်ရှိနေတုန်းပါပဲ။) ဇနီး စောပညာလဲ ခင်ပွန်းကွယ်လွန်ကြောင်းကြားသိရတာနဲ့ မင်းကြီးသိမ်းပိုက်ခံမယ့်ဘေးမှ ကြောက်တာမို့ မိန်းမ အဖေါ်တစ်ယောက်နဲ့အတူ လှေကြုံစီးကာ တိတ်တဆိတ်ထွက်ပြေးပါတော့တယ်။ ကံအားလျော်စွာ စိန့်တိုင်း ပြည်ကိုရောက်တဲ့အချိန် ဘုရင်မရှိတာနဲ့ကြုံတာမို့ စောပညာကို တိုင်းသူပြည်သားများက ဘုရင်မအဖြစ် တင် မြှောက်ပါတယ်။ (ဘုရင်မစောပညာအကြောင်း ဝေဒီဘုရင် စောသီလတို့အကြောင်းများဟာ ရှင်မုတ္ထီးဘုရားသမိုင်းနဲ့ တိုက်ရိုက်ပတ်သက်မှုရှိပါတယ်။ စာရှည်မှာစိုးတာကြောင့် ဖေါ်မပြတော့တာပါ။)

0 comments:

Post a Comment