Popular Posts

Sunday, August 18, 2013

ကလေးတွေမေးလာရင်ဖြေနိုင်အောင်နော် မှတ်ထားကြ

လျှပ်စီးဟာ ဘယ်ကို ရိုက်ခတ်သလဲ။ အများအားဖြင့် လျှပ်စီးဟာ အဆောက်အဦးတွေ၊ သစ်ပင်တွေလိုမျိုး မြင့်မားရှည်လျားတဲ့ အရာတွေကိုရိုက်ခတ်တယ်။ တစ်ခါတလေ ဆံညှပ်၊ ဆံထိုးနဲ့ ထီးတွေရဲ့ထိပ်က သတ္တု တွေကိုတောင်ရိုက်ခတ်တယ်။ မင်းဟာမြင့်မားတဲ့ အရာဝတ္ထုတွေမရှိတဲ့ ပန်းခြံ၊ ဒါမှမဟုတ် ကွင်းပြင်မှ ကစားရင်မိုးခြိမ်းတိမ်တွေ တွေ့ရတဲ့အခါ အတွင်းတစ်နေရာရာကို ချက်ချင်း ပြေးဝင်သင့်တယ်။ နှင်း ဘာကြောင့်ကျတာလဲ။ တိမ်တွေမှာ ရေငွေ့တွေနဲ့ သေးငယ်တဲ့ ရေခဲမှုန်လေးတွေရှိတယ်။ အရမ်းအေးလာတဲ့အခါမှာ ရေခဲမှုန်လေးတွေနားမှာရှိတဲ့ ရေငွေ့တွေဟာ အေးခဲသွားတယ်။ ရေခဲမှုန်လေးတွေဟာ ပိုပြီး လေးလံသွားတဲ့အတွက်ကြောင့် အောက်ကိုစပြီးကျလာတယ်။ သူကျလာတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ လေက နွေးနေရင် အဲ့ဒီ ရေခဲမှုန်လေးတွေဟာ အရည်ပျော်ပြီး မိုးရေအဖြစ်ကို ပြောင်းလဲသွားတယ်။ လေက အေးနေရင်တော့ သူတို့ဟာ အရည်မပျော်တော့ဘဲ နှင်းအဖြစ်ကျလာတယ်။ အေးတဲ့ဆောင်း ရာသီရှိတဲ့ နိုင်ငံတွေမှာ နှင်းကျ လေ့ရှိတယ်။ ရေခဲ ဘာကြောင့် ဖြစ်တာလဲ။ အေးမြတဲ့ မနက်ခင်းတွေမှာ ရေအိုင်နဲ့ ရွှံ့အိုင်တွေဟာ ခဲနေနိုင်တယ်။ အပူချိန် သုညဒီဂရီ ဆဲလ်စီးယပ်စ် အောက်ကိုကျသွားတဲ့ အခါ ရေဟ ရေခဲအဖြစ်ကို ပြောင်းသွားတယ်။ နေရောင်ထွက်လာတဲ့အခါပူနွေးလာတဲ့အတွက်ကြောင့် ရေခဲတွေဟာ တဖြည်းဖြည်း အရည်ပျော်သွားလိမ့်မယ်။ ဘာကြောင့် တချို့လေတွေဟာ သိပ်အေးတာလဲ။ ဆောင်းရာသီမှာ သိပ်ဝေးလံတဲ့ မြောက်ဘက်ကနိုင်ငံတွေဟာ အရမ်းအေးလာတယ်။ ဆောင်းလေလို့ခေါ်တဲ့ လေအေးတွေဟာ အဲ့ဒီမြောက်ပိုင်း ကုန်းမြေတွေကလာပြီး နွေးနေတဲ့ပင်လယ်ဘက်ကို စီးဝင်သွားတယ်။ ဒါကြောင့် ဆောင်းလေတိုက်ရင် ရာသီဥတုဟာ ပိုပြီး အေးလာမယ်။ ဘယ်အရာက တိုင်ဖွန်းမုန်တိုင်းတွေကို ဖြစ်စေတာလဲ။ တိုင်ဖွန်းက ပူနွေးတဲ့တာင်ဘက်ပင်လယ်တွေမှာ ဖြစ်ပေါ်တတ်တယ်။ မင်းသိတဲ့အတိုင်းပဲ နွေးတဲ့ရေဟာ ရေခိုးရေငွေ့အဖြစ်ကို လျင်မြန်စွာ ပြောင်းလဲသွားတယ်။ နွေးနေတဲ့ပင်လယ်ထဲက ရေငွေ့တော်တော်များများက အထက်ကိုတက်သွားကြတယ်။ သူတို့ဟာ လေထဲဝင်ရောက်ပြီး မြင့်တက်ကာ တိမ်တောင် တိမ်လိပ်တွေကို ဖြစ်စေတယ်။ လေပြင်းကနေ တိမ်တွေကို ဝှေ့ယမ်းအောင် တိုက်ခတ်လိုက်တယ်။ပင်လယ်က ရေခိုးရေငွေ့တွေကို တိမ်တွေက ပိုပြီးရလာတဲ့အခါမှာ ပိုပြီး ကြီးမားလာတယ်။ ဒါဟာ တိုင်ဖွန်းမုန်တိုင်း ဖြစ်ပေါ်လာပုံပဲ။ အနီရောင် (နေလုံး) နေ၀င်ခြင်းဟာ ရာသီဥတုသာယာတဲ့ လက္ခဏာဖြစ်တယ်ဆိုတာ မင်းသိရဲ့လား။ မိုးကို သယ်လာတဲ့ တိမ်တွေ၊ ဒါမှမဟုတ် နေကိုကွယ်ထားတဲ့ တိမ်တွေဟာ နေ၀င်တဲ့ဘက်ကလာတာဖြစ်တယ်။ နေ၀င်တဲ့ဘက်မှာ တိမ်တွေမရှိရင် ၀င်တော့မယ့်နေလုံးဟာ တောက်ပတဲ့အနီရောင်ရှိလိမ့်မယ်။ ဒါကြောင့် အနီရောင်တောက်ပတဲ့ နေလုံး နေ၀င်ခြင်းကို မင်း မြင်ရင် နောက်တစ်နေ့မှာ ရာသီဥတု သာယာမယ်ဆိုတာ သိနိုင်တယ်။ နေသာနေပေမယ့် မိုးဘာကြောင့်ရွာတာလဲ။ တစ်ခါတစ်ရံမှာ နေသာနေတာတောင်မှ ပတ်ဝန်းကျင်မှာ မိုးတိမ်မရှိတာတောင်မှ မိုးရွာတယ်။ ဒါကို နေရောင်ရေပန်း နေပူမိုးရွာလို့ ခေါ်တယ်။ လေပြင်းတွေက အဝေးမှာရှိတဲ့ တိမ် တွေကတစ်ဆင့် မိုးကိုသယ်လာတယ်။ တစ်ခါတစ်ရံမှာတော့ နေရောင်ရေပန်းဟာ အလွန်မြင့်တဲ့ တိမ်တွေထဲ ကနေ ရွာချလာတဲ့မိုး ဖြစ်တယ်။ မိုးက မြေပြင်ပေါ်မရောက်ခင်မှာပဲ အဲ့ဒီတိမ်တွေက ကွယ်ပျောက်သွားတယ်။ သက်တန့် ဘာကြောင့်ဖြစ်တာလဲ။ သက်တန့်တွေကို ညမှာ မမြင်ရဘူးဆိုတာ မင်း သတိထားမိလိမ့်မယ်။ တိမ်ထူတဲ့နေ့တွေနဲ့ မိုးရွာနေတဲ့အခါမှာလည်း သူတို့ကို မင်း မမြင်ရဘူး။ မိုးရွာပြီး ကြည်လင်သွားတဲ့အခါတွေနဲ့ နေပူတုန်း မိုးရွာနေတဲ့ အချိန်အတွင်းမှာ သက်တန့်တွေပေါ်ပေါက်လာတယ်။ လေထဲမှာရှိတဲ့ ရေစက်လေးတွေကို နေရောင်ခြည် အလင်းပြန်တဲ့အခါတွေမှာ သက်တန့်ကို တွေ့နိုင်တယ်။

0 comments:

Post a Comment