Popular Posts

Sunday, August 18, 2013

`` ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး......´´

`` ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး......´´ ကျွန်တော် အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတဖြစ်စေချင်ပါသည်။ ကျွန်တော်၏ လွတ်လပ်သော အတွေးအရ လူပုဂ္ဂိုလ်အား လေးစားသဖြင့် နိုင်ငံခေါင်းဆောင် အဖြစ်စေချင်ဆုံး ပုဂ္ဂိုလ်နှစ်ဦးမှာ.... လက်ရှိနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်သာဖြစ်ပါသည်။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် အကြောင်းအမျိုးမျိုးဖြင့် သမ္မတကြီး အနိုင်မရခဲ့လျှင်သော်လည်းကောင်း၊ ကျန်းမာရေး အခြေအနေအရ အနားယူခဲ့လျှင်သော်လည်းကောင်း ဒုတိယသက်တမ်းတွင် သမ္မတဖြစ်စေချင်သူမှာ ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်ပါသည်။ အမေစုဟု ခေါ်သော အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတဖြစ်စေချင်သူများ မြန်မာနိုင်ငံတွင် များစွာ ရှိပါသည်။ အကြောင်းမှာ..... ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်း။ နိုင်ငံတကာ အဆင့်မီ ပညာတတ် လေဒီ တစ်ဦးဖြစ်ခြင်း။ ငြိမ်းချမ်းရေး နိုဗယ်ဆု အပါအ၀င် နိုင်ငံတကာနှင့် အဖွဲ့အစည်းပေါင်းများစွာမှ ဆုတံဆိပ်ပေါင်း များစွာ ရရှိထားခြင်း။ စစ်အစိုးရလက်ထက်တလျှောက်လုံး ဖြစ်သမျှရင်ဆိုင်၍ မလိုလားအပ်သော ကိစ္စရပ်များအတွက် ကမ္ဘာနှင့် ယှဉ်၍ အတိုက်အခံပြုခဲ့ခြင်း။ ကမ္ဘာ့အလည်တွင် မြန်မာတို့၏ကိုယ်စားပြု Icom အဖြစ်ရပ်တည်လျှက်ရှိခြင်း။ ဒီမိုကရေစီ နတ်သမီးအဖြစ် ထင်ရှားကျော်ကြားခြင်း။ အချိန်နှောင်းမှ ရွေးကောက်ပွဲ ၀င်ခဲ့သည့်တိုင် အတိုက်အခံပါတီအဖြစ်ရပ်တည်နိုင်သည်အထိ ပြည်သူတို့၏ နှစ်သက်သဘောကျမှု ခံရခြင်း။ လိုအပ်သည့်အချိန်တွင် ထမ်းဆောင်သင့်သော တာဝန်ကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခြင်း၊ တာဝန်ယူလိုသည့် စိတ် အပြည့်ရှိခြင်း။ ပူးပေါင်း ဆောင်ရွက်လိုသည့် ဆန္ဒ ပြင်းပြခြင်း။ အမှန်တကယ်လည်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်း။ ပြည်သူတို့၏ အနာဂတ် ဘ၀များအား တောက်ပစေရန် ဆောင်ရွက်ပေးနိုင်လိ့မ်မည်ဟု ယုံကြည်ခြင်းနှင့် ယုံကြည်နိုင်လောက်သော အရည်အသွေးများရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။ နိုင်ငံရေးကို စိတ်ဝင်စားသူများ အားလုံး သိကြသည့်အတိုင်း အဓိကအချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရေးဆွဲရေး ဖြစ်နေကြောင်းပင် ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီးကလည်း အခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ဖွင့်လှစ် ပြသခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်လိုကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ အခြေခံဥပဒေတွင် ပြင်ဆင်ရန်လိုအပ်သော ဥပဒေ ပြဌာန်းချက်များ ရှိနေပါမည်.... ( ကျွန်တော့် အနေဖြင့် အခြေခံဥပဒေတစ်ခုလုံးအား သေသေချာချာ ဂဃနဏ မသိပါ...) ထိုအထဲတွင်မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ဟူသော အပိုဒ်အား လေ့လာရာတွင် ``ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဃ)´´ ``စစ်ရေးအမြင်ရှိရမည်´´ ==================================== `` ပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) " ``မိမိကိုယ်တိုင်သော်လည်းကောင်း ၊ မိမိ မိဘတစ်ပါးသော်လည်းကောင်း မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း ၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်သောသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစား ရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ" ==================================== ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဆ) “ လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက်သီးခြားသတ်မှတ် ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်” ==================================== ကျွန်တော် စဉ်းစားဖြစ်ပါသည်- ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဃ) ``စစ်ရေးအမြင်ရှိရမည်´´ ဟူသောအချက် ဤ အချက်သည် တပ်မတော်တွင် စစ်မှုထမ်းခဲ့သူများကိုသာ သမ္မတအဖြစ် ခန့်အပ်ရမည်ဟု ဖော်ပြထားခြင်း မဟုတ်ပါပဲ သာမန်အရပ်သား ပညာရှင်တစ်ဦးသည် စစ်ရေးစစ်ရာနှင့်ပတ်သတ်သော သုံးသပ်ချက်တစ်စောင်၊ ကျမ်းတစ်စောင်ပြုစုနိုင်ခဲ့လျှင် သို့ မဟုတ်..... စစ်ပညာဆိုင်ရာမဟာဘွဲ့၊ ပါရဂူဘွဲ့စသည့် ဘွဲ့တစ်ခုခု ရရှိခဲ့လျှင် ``စစ်ရေးအမြင်ရှိသူ´´ ဖြစ်ခြင်းကြောင့် အထက်ပါ ပြဌာန်းချက်သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတနှင့် ဒုတိယ သမ္မတ ဖြစ်ရန် ကြီးမားသော အဟန့်အတား မဟုတ်ကြောင်း တွေ့ရှိရပါသည်။ ==================================== ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဆ) “ လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်” ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသော အရည် အချင်းပြည့်မီသူ ဖြစ်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာယုံမျှမက ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ တာဝန်ကိုယ်လည်း ထမ်းဆောင်လျှက်ရှိပါသည်။ ထို့အပြင် ကြေးနီတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ပြီး ဖြစ်သဖြင့် ဒွိယဖြစ်ဖွယ်ရာ ငြင်းချက်ထုတ်၍ မရနိုင်တော့ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတော် သမ္မတအတွက် သီးခြားဖြစ်သော အခြားအချက် များကို ဆက်လက်တင်ပြပါမည်။ ==================================== တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် အဟန့်အတားဖြစ်နေသည်ဟု ယူဆရနိုင်သော ပုဒ်မသည် `` ပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ)ပင်ဖြစ်ပါသည်...... ထိုပုဒ်မခွဲတွင် ``မိမိကိုယ်တိုင်သော်လည်းကောင်း ၊ မိမိ မိဘတစ်ပါးသော်လည်းကောင်း မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း ၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်သောသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစား ရသောအခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ" ဟု ဖော်ပြပါရှိပါသည်။ ထိုသို့ဆိုရာတွင် ယခု လက်ရှိအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ `` ဒေါက်တာမိုက်ကယ်အဲရစ်´´ သည် ကွယ်လွန်သွားပြီဖြစ်ခြင်းကြောင့် ``မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း´´ ဆိုသော စကားရပ်သည် အလိုအလျောက်ပျက်ပျယ်ပြီး ဖြစ်ပါသည်။ သို့သော်..... ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် လက်ရှိအခြေအနေတွင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှ နိုင်ငံသားများ ဖြစ်နေပါသည်။ ထိုသားနှစ်ဦးသည် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှ နိုင်ငံသားများ ရသင့်ရထိုက်သော အခွင့်အရေးများကိုလည်း ရရှိခံစားနေ ကြပါသည်....။ ဤကိစ္စနှင့် ပတ်သက်၍ အချက်နှစ်ချက်အား ဆွေးနွေး တင်ပြလိုပါသည်။ ကျွန်တော်၏ ကိုယ်ပိုင်အတွေးသာ ဖြစ်ပါသည် အကြံပြုတင်ပြချက်လေးသာ ဖြစ်ပါသည်.... ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် အမေရိကန်နှင့် ဗြိတိန်နိုင်ငံ သားများဖြစ်နေခြင်းကြောင့် နိုင်ငံတော်အတွက်အမှန်တကယ် လိုအပ်ခဲ့ ပါလျှင် ဒေါ်အောင်ဆန်းစုကြည်က သားအဖြစ်မှ စွန့်လွှတ်ရမည်ဖြစ်ပါသည်။ ပြည်သူများမှလည်း တောင်းဆိုနိုင်ပါသည်။ သို့သော် ဤလုပ်ရပ်အား တိုင်းပြည်အတွက် အကြောင်းပြ၍ လုပ်ဆောင်ခဲ့ပါလျှင် ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် အလွန်ပင် မညှာမတာ ရက်စက်ရာ ကျမည်ဖြစ်ပါသည်။ ထို့ကြောင့် ဤ ပထမအချက်သည် ဆောင်ရွက်နိုင်သော်လည်း ဆောင်ရွက်သင့်သည့် လုပ်ရပ်မဟုတ်ပါ။ ဤသို့ ဆိုလျှင် ဒုတိယအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးအား ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်ခြင်း... ဒေါ်အောင်ဆန်းစုကြည်၏ သားများဖြစ်ခြင်းကြောင့် ဂုဏ်ထူးဆောင်နိုင်ငံသားဖြစ်ခွင့်ပေးနိုင်ခဲ့ပါလျှင်... ဟု ကျွန်တော် တွေးဖြစ်ခဲ့ပါသည်။ ============================ ဤသို့ ဆောင်ရွက်နိုင်ပါလျှင် အထက်တွင် ဖော်ပြထားသော ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)သည်လည်း အလိုအလျောက် ပျက်ပျယ်ပြီးဖြစ်ပါသည်။ သို့သော် တစ်ခုစောဒက တက်စရာရှိပါသည်... ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် မြန်မာနိုင်ငံသား ဖြစ်ချင်ပါသလား ဆိုသော အချက်ပင် ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ဂုဏ်ပြုဆောင်ရွက်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။ =============================== ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)အား ပြင်ဆင်ဖြစ်ခဲ့လျှင်အနာဂတ်ကာလ မြန်မာနိုင်ငံ၏ ခေါင်းဆောင် ရွေးချယ်မှု အပိုင်းတွင် ပြဿနာပေါင်းများစွာဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရပါသည်။ အနီးကပ်ဆုံးအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရထားသော တိုင်းရင်းသားစစ်စစ်မဟုတ်သူ တရုတ်အနွယ်ဖွားများနှင့် အိန္ဒိယနွယ်ဖွား၊ ဘင်္ဂါလီ အနွယ်ဖွားများအနေဖြင့် နိုင်ငံတော်၏ အဓိကအရေးကြီးနေရာများတွင် ၀င်ရောက်နေရာယူလာပါက မလိုလားအပ်သော၊ တိုင်းရင်းသားများ မျိုးသုဉ်းပျက်စီးနိုင်သော၊ ရိုးရာယဉ်ကျေးမှုအလေ့အထများနှင့် ဘာသာရေးဆိုင်ရာ ဆောင်ရွက်မှုများ ပိတ်ပင်တားဆီး ဖျက်သိမ်းခံရနိုင်သော.... အန္တရာယ်များ ဖိတ်ခေါ်နေကြောင်း လတ်တလော အခြေအနေများအရ သိရှိနိုင်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်မှုကြောင့် တိုင်းရင်းသားစစ်စစ်မဟုတ်သူ တရုတ်အနွယ်ဖွားများနှင့် အိန္ဒိယနွယ်ဖွား၊ ဘင်္ဂါလီ အနွယ်ဖွားများအနေဖြင့် သမ္မတ၊ ဒုတိယသမ္မတများနှင့် လွှတ်တော်ဥက္ကဌများ၊ ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးများ ဖြစ်ရန် ဥပဒေအရ ခွင့်ပြုချက် ရရှိခဲ့သည့်တိုင် တိုင်းရင်းသားပြည်သူများ၏ စိတ်ဓာတ်ရေးရာ အခြေအနေများက ခွင့်ပြုနိုင်ဖွယ်ရာ မရှိကြောင်းတွေ့ရှိရပါသည်။ မြန်မာပြည်ပေါက်တိုင်းရင်းသားစစ်စစ်မဟုတ်သူ တရုတ်အနွယ်ဖွားများနှင့် အိန္ဒိယနွယ်ဖွား၊ ဘင်္ဂါလီ အနွယ်ဖွားများအနေဖြင့် ငွေကြေး အင်အားတတ်နိုင်ပြီး ပါတီများတည်ထောင်ကာ သို့မဟုတ် NLD ပါတီ၊ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ၊ သို့မဟုတ် ပါတီထောင်ရန်ပြင် ဆင်နေသူ ၈၈ မျိုးဆက်များထဲသို့ ၀င်ရောက်ကာ လွှတ်တော်ကို စိုးမိုးပြီး တနေ့နေ့ တချိန် ချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတရာထူးအပါအ၀င် အခြားအရေးကြီး ရာထူးနေရာများနှင့် တာဝန်များကို ရယူသွားလျှင်ဆိုသည့် အခြေအနေကို စဉ်းစားရန် လိုအပ်ပါကြောင်း တိုက်တွန်းလိုပါသည်။ ထိုအချိန်တွင် .... သမ္မတကြီး၊.... အမေစုနှင့်... ကျွန်တော်တို့သည် လောကကြီးအတွင်း အသက်ရှင် တည်ရှိနိုင်တော့မည် မဟုတ်သကဲ့သို့ အခြေခံဥပဒေကို လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအပေါ်တွင် ထားရှိသော အမုန်းတရားများဖြင့် ပြင်ဆင်လိုသူများလည်း ရှိနိုင်တော့မည် မဟုတ်သကဲ့သို့ အခြေအနေ ဆိုးရွားသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ယခင်ကအတိုင်း ပြန်လည်ပြင်ဆင် သတ်မှတ်ရန်လည်း ရှုပ်ထွေးနိုင်မည့်အပြင် ပြင်ဆင်ရန် ခက်ခဲသည့် အခြေအနေပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ တကယ်တန်း တန်းတူအခွင့်အရေးကို ရယူချင်သူများဟာလည်း မြန်မာပြည်ပေါက် တရုတ်နှင့်အိန္ဒိယနွယ်ဖွားများ၊ ဘင်္ဂါလီနွယ်ဖွားများသာဖြစ်သည်ကို အားလုံး အသိပင် ဖြစ်ပါသည်။ ================================= ဒါကြောင့် အမေစုအနေဖြင့် သမ္မတနှင့် ဒုသမ္မတ ဖြစ်သင့်ဖြစ်ထိုက်သော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်....။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ဟူသော အခန်းတွင် ပါရှိသော ဥပဒေသည် ၁၉၄၇ခုနှစ်တွင် နိုင်ငံတော်၏ အနာဂတ်ကို ကြိုတင်မြင်တွေ့ခဲ့သော လွတ်လပ်ရေး၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်ရာထူးအား အမျိုးသားရေးအမြင်ဖြင့် ပိတ်ပင်ထားခဲ့သော ဥပဒေကို ပြန်လည်ရေးဆွဲထားခြင်းပင် ဖြစ်ပါသည်။ ================================== နိဂုံး အမေစု(ခ) ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတဖြစ်စေဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထို့အတူ NLD ပါတီအနေဖြင့်လည်း အမေစု မရှိသည့်နောက်ပိုင်း ဆက်လက်ရပ်တည်နိုင် သည်ဖြစ်စေ၊ မရပ်တည်နိုင်သည်ဖြစ်စေ.. ပြည်သူလူထု၏ ရင်ထဲတွင် အမေစုသည် ချစ်ခင်ရသော.... ယုံကြည်အားကိုးရသော အလေးစားဆုံး ပုဂ္ဂိုလ်အဖြစ် မည်သူကမျှလာ၍ ဖျက်မရအောင် စွဲထင်နေသည်မှာ သေချာပါသည်...။ နိုင်ငံတော် အတွက် တာဝန်ကျေပွန်သည်ဟု ဆိုရာတွင်လည်း ပုခုံးပေါ်၌ ကြယ်ပွင့်များနှင့် ရွှေစလွယ်များ ရှိရန်မလိုအပ်သလို စာရွက်ပေါ်တွင် ရိုက်နှိပ်ထားသော အသိအမှတ်ပြုလွှာများလည်း မလိုအပ်ပေ...၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတဖြစ်မှသာ တိုင်းပြည်အတွက် စဉ်းစားလုပ်ကိုင်သောသူလည်း မဟုတ်ကြောင်း အားလုံး အသိပင် ဖြစ်ပါသည်....။ ဥပမာ တစ်ခုအနေဖြင့် အိန္ဒိယနိုင်ငံမှ ဆိုနီယာဂန္ဒီသည် အီတလီသူစစ်စစ် ဖြစ်သော်လည်း အိန္ဒိယပြည်သူတို့၏ အသည်းနှလုံးဖြစ်ခဲ့ပါသည်။ သို့သော် သူမသည်.. ပါတီဥက္ကဋ္ဌ ရာထူးနေရာသာ ရယူထားပြီး နိုင်ငံ့ခေါင်းဆောင် ရာထူးအတွက် အိန္ဒိယလူမျိုးများကိုသာ တင်ပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ အမှန်တကယ်တွင် နိုင်ငံတော် သမ္မတ၏ သက်တမ်းသည် (၅)နှစ်ခန့်သာရှိပါသည်။ အမျိုးသားခေါင်းဆောင်ကဖြင့် လူထုရင်ထဲတွင် ထာဝရတည်ရှိနေတတ်ပါသည်....။ အမေစုသည် သမ္မတဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ.... နိုင်ငံသားများ၏ မိခင်... နိုင်ငံ့ရတနာတစ်ပါးအဖြစ်သာ တည်ရှိစေလိုပါသည်။ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို စဉ်းစားဆုံးဖြတ်၍ နိုင်ငံရေး အရ ရွေးချယ်မှုပြုရန်မှာ ပါတီတစ်ခုတည်း၏ တာဝန် မဟုတ်ပဲ တစ်နိုင်ငံလုံးနှင့် တစ်မျိုးသားလုံး၏ တာဝန်ဖြစ်ပါကြောင်း တင်ပြရင်း.....။ ရွှင်လန်းချမ်းမြေ့ကြပါစေ...

0 comments:

Post a Comment